မြေအသုံးချရေးဓါတ်ခွဲခန်းဖွင့်လှစ်ပွဲအခမ်းအနား ကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး ၌ ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်း၊ မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့်၊ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလှမြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ တောင်ငူခရိုင်အတွင်းရှိ ဒေသနေတောင်သူ လယ်သမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာစကား ပြောကြားရာတွင် တောင်သူများအနေဖြင့် GAP စနစ်ကို ဆောင်ရွက်ရာ၌ မြေဆီလွှာကိုစစ်ဆေးပြီး
လိုအပ်သောအဟာရဓါတ်များကိုသာ ထည့်သွင်းပေးသင့်ကြောင်း၊ ယခုဖွင့်လှစ်သည့် မြေအသုံးချရေး ဓါတ်ခွဲခန်းသည် သီးနှံပင်များအတွက် အနည်းလိုအာဟာရ၊ အများလို အဟာရဓါတ်များ မြေဆီအတွင်း ပါဝင်နေမှုကို စစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆေးပြီးပါကလည်း အဆိုပါမြေတွင် စိုက်မည့်သီးနှံအမျိုးအစားအလိုက် ထပ်မံဖြည့်တင်းပေးရန် လိုအပ်မည့် မြေဆီဩဇာ လိုအပ်ချက် ၊ အသုံးပြုရမည့် ကာလ စသည်တို့ကို အကြံပြုကူညီပေးသွားမည်ဖြစ်ကြောင်း၊
တောင်သူများအနေဖြင့် ဓါတ်ခွဲခန်းသို့ မြေနမူနာ ပေးပို့ရာ၌ မှန်ကန်စွာရယူသွားရန်လိုအပ်ကြောင်း၊ နောက်ပိုင်းတွင် တောင်သူများ ကိုယ်တိုင် မြေနမူနာ ရယူနိုင်စေရန် သင်တန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနား တွင် တိုင်းဒေသကြီးဝန်ကြီး၊ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မြေအသုံးချရေးဓါတ်ခွဲခန်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓါတ်ခွဲခန်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးအားပေးကြသည်။
တောင်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးလုပ်ကိုင်နေသောမြေများတွင်လိုအပ်သည့် အဓိကအဟာရဓါတ်များကို သိရှိရန်လိုအပ်ပြီး ၊ လိုအပ်ချက်ရှိနေသည့် မြေဆီအာဟာရကို မှန်ကန်စွာ ဖြည့်သွင်းတတ်ရန်လိုအပ်ကြောင်း ၊ GAPကျင့်စဉ်တွင် စိုက်ပျိုးမြေနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အပိုင်းများပါဝင်ကြောင်း၊ ယင်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် မြေအသုံးချရေးဓါတ်ခွဲခန်းတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနည်းပညာပေးဝန်ထမ်းများ တောင်သူများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မြေအသုံးချရေးဌာနခွဲ ညွှန်ကြားရေးမှူး က ပြောသည်။
တောင်သူများ၏ စိုက်ပျိုးမြေတွင် N (နိုက်ထရိုဂျင်)ချို့တဲ့နေတာလား၊ P(ဖော့စဖိတ်) ချို့နေတာလား၊ K (ပိုတက်စီယမ်)ချို့တဲ့နေတာလား စသည်တို့ကို မြေအသုံးချရေးဓါတ်ခွဲဌာနမှ စစ်ဆေးအဖြေရှာပေးသွားမည်ဖြစ်ပြီး လိုအပ်သောအဟာရဓါတ်များကိုဖြည့်တင်းလုပ်ဆောင်ရန် ပညာပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်ဆေးအဖြေရှာနိုင်ရန်အတွက် တောင်သူများယူဆောင်လာသော မြေနမူနာများမှာ နီးစပ်ရာ(တွေ့ရာ)မှ ယူဆောင်လာ၍မဖြစ်ပဲ၊ မိမိစိုက်ပျိုးမည့် အကွက်၊ကွင်းအတွက် ကိုယ်စားပြု မှန်ကန်သော မြေများကိုသာယူဆောင်လာရမည်ဖြစ်ပြီး၊ မြေနမူနာများယူဆောင်ရန် အခက်အခဲရှိပါက နီးစပ်ရာ စိုက်ပျိုးရေး ဦးစီးဌာန ၀န်ထမ်းများ၏ အကူအညီဖြင့် ရယူကာ ဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးရန် လိုအပ် ကြောင်း ဓါတ်ခွဲခန်းတာ၀န်ရှိသူကပြောသည်။
ယခု မြေအသုံးချရေးဓါတ်ခွဲခန်းဖွင့်လှစ်နိုင်ခြင်းကြောင့် တောင်ငူခရိုင်အတွင်းမှ တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေရှိ မြေဆီဩဇာအခြေအနေကို တိကျစွာသိရှိနိုင်ကြမည်ဖြစ်ပြီး ပညာရှင်များ၏ အကြံဉာဏ်များကိုရယူကာ လိုအပ်သောသွင်းအားစုဓါတ်မြေဩဇာကို ထည့်သွင်းသွားနိုင်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်တိုးကာ တောင်သူတို့၏ အကျိုးစီးပွားတိုးတက်ဖွံဖြိုးလာမည်ဖြစ်ကြောင်း သိရှိရသည်။