စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးရေးလုပ်ငန်းများ အထောက်အကူပြု ကျေးရွာသစ်လှုပ်ရှားမှု အခြေခံ သင်တန်း အမှတ်စဉ် (၃/၂၀၂၀)ဖွင့်ပွဲအခမ်းအနား ကို ဖေဖော်ဝါရီလ(၃) ရက်နေ့ နံနက်(၈)နာရီ အချိန် က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း ရှိ စိုက်ပျိုး ပညာပေးရေး နှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ မွန်ပြည်နယ်များ မှ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဒုတိယ ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ကိုရီးယားနိုင်ငံမှ တစ်ကမ္ဘာလုံးတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ဆောင်ရွက်နေသော နိုင်ငံပေါင်း ၄၇ နိုင်ငံ တွင် မြန်မာ့ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းသည် အောင်မြင်မှုအမြင့်ဆုံးနှင့်အကောင်းဆုံး စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ကိုရီးယားနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်သော ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း၏ အောင်မြင်မှုများကြောင့် မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရ များ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၂၆ ရွာကို သိန်း(၃၀၀)စီ ထောက်ပံ့ပေးပြီး ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဆယ်မာအူးလ်စိတ်ဓာတ်သုံးရပ်ကို မိမိတို့ ကျေးရွာသူ၊ကျေးရွာသားများ သိရှိနားလည်သဘော ပေါက်အောင်ဆောင်ရွက်ပြီး ကျေးရွာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပို့ချပေးလိုက်သော အသိပညာများကို အသုံးချပြီး မိမိတို့မိသားစုတစ်စုချင်းစီ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းမှသည် ကျေးရွာဖွံ့ဖြိုးတိုးတက် မှု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်၊ နိုင်ငံအထိ သာယာဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းကို ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၇)ရက်နေ့အထိ ၅ ရက်ကြကျင်းပမည်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ မွန်ပြည်နယ်များ၏ ကျေးရွာ(၉)ရွာမှ ကျေးရွာခေါင်းဆောင် (၇၁)ဦး နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး (၈)ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၇၉)ဦး တို့ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။