ဦးစီးဌာနသတင်းများ

“ (၂၄)ကြိမ်မြောက်အာဆီယံနိုင်ငံများ၏ အမြင့်ဆုံးပိုးသတ်ဆေး ဓာတ်ကြွင်းသတ်မှတ်ချက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့်ဆက်စပ်သော CropLife Asia အဖွဲ့အစည်း၏ အမြင့်ဆုံးပိုးသတ်ဆေး ဓာတ်ကြွင်းသတ်မှတ်ချက်နည်းပညာ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

အပြည်ပြည်ဆိုင်ရာသီးနှံကာကွယ်ရေး ကုမ္ပဏီများနှင့်ဖွဲ့စည်းထားသည့် စင်္ကာပူနိုင်ငံ အခြေစိုက် CropLife Asia အဖွဲ့အစည်း ၏ ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် မြန်မာနိုင်ငံ မှ အိမ်ရှင် နိုင်ငံအဖြစ်လက်ခံကျင်းပသည့် “(၂၄)ကြိမ်မြောက် အာဆီယံနိုင်ငံများ၏ အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်းသတ်မှတ်ချက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းအဖွဲ့ အစည်းအဝေး နှင့်ဆက်စပ်သော CropLife Asia အဖွဲ့အစည်း၏ အမြင့်ဆုံးပိုးသတ်ဆေး ဓာတ်ကြွင်း သတ်မှတ်ချက်နည်းပညာ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၃) ရက်နေ့ နံနက်( ၉) နာရီကနေပြည်တော် PARKROYAL Hotel ၌ ကျင်းပရာ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး မှ Senior Officer , Ms. Sri Dyah Kusumawardhani နှင့် အာဆီယံ ဒေသအတွင်းအဖွဲ့အဝင်နိုင်ငံများ၊ CropLife Asia Ausrtalia နှင့် USA IR-4 တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး နှင့် CropLife Asia အဖွဲ့အစည်းမှ Director Dr.Vasant L. Patil တို့က အဖွင့်အမှာ စကားများ ပြောကြားကြသည်။CropLife Asia အဖွဲ့အစည်းသည် အာဆီယံနိုင်ငံများ၏ အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း သတ်မှတ်ခြင်းဆိုင်ရာ နည်းပညာရပ်များနှင့်ပတ်သက်၍ နှစ်စဉ် အထောက် အပံ့ပေးလျက်ရှိပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့မှုရှိစေရေး၊ စားသုံးသူများ ၏ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေရေး တို့အတွက် အာဆီယံ ဒေသအတွင်း အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း တစ်ပြေးညီ သတ်မှတ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး အာဆီယံဒေသအတွင်း၌ အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်းသတ်မှတ်ချက်ပေါင်း (၈၀၀)ကျော်ကို သတ်မှတ် နိုင်ခဲ့ပြီးဖြစ်သည်။CropLife Asia အဖွဲ့အစည်းမှအာဆီယံနိုင်ငံများသို့ နည်းပညာအထောက်အပံ့ပေး လျက်ရှိသော ပိုးသတ်ဆေးဆိုင်ရာ စီမံကွပ်ကဲမှု စီမံကိန်း နှင့် ပတ်သက်၍ ဆောင်ရွက် ပြီးစီး မှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မှုတို့ အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ​အာဆီယံ ဒေသအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ အမြင့်ဆုံး ပိုးသတ်ဆေးဓါတ်ကြွင်း သတ်မှတ်ချက်  Maximum Residue Levels-MRL ဆိုင်ရာတစ်ပြေးညီသတ်မှတ်ရေး လုပ်ငန်းစဉ်များမှ ကမ္ဘာ့အသိအမှတ်ပြုအဆင့်ရောက်သည်အထိ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၊ စိုက်ပျိုးသီးနှံအထွက်နှုန်းတိုးတက်လာသည် နှင့်အမျှဓါတုပစ္စည်း အသုံးပြုမှု လိုအပ်ချက်များ၊ များပြားလာလျက်ရှိရာ အာဆီယံ ဒေသအတွင်း အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ခြင်း လုပ်ငန်းသည် အာဆီယံဒေသအတွင်းနှင့် အခြားနိုင်ငံများ အား ကုန်သွယ်မှုပြုရာတွင် လွယ်ကူ‌ချောမွေ့စေရေးအတွက် များစွာအရေးပါလျက်ရှိပါကြောင်း သီးနှံကာကွယ်ရေး ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး က ပြောသည်။အာဆီယံဒေသအတွင်းအဖွဲ့ဝင်နိုင်ငံများတွင် အစားအစာ ဘေးကင်းလုံခြုံ‌ရေးဆိုင်ရာ စံချိန်စံညွှန်းများ တိုးတက်နိုင်ရန် အာဆီယံဒေသတွင်း အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်နိုင်ရန်နှင့် ကမ္ဘာ့အဆင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် အစား အသောက် ဆိုင်ရာကုန်သွယ်မှုများ တိုးတက်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ယခု အလုပ်ရုံ ဆွေးနွေးပွဲတွင် အာဆီယံ ကျွမ်းကျင်ပညာရှင်များ က အမြင့်ဆုံး ပိုးသတ်ဆေး ဓာတ်ကြွင်း သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းရပ်များတွင် အထောက်အကူ ဖြစ်စေရေး နည်းပညာရပ် များ၊ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။