ဦးစီးဌာနသတင်းများ

မြန်မာနိုင်ငံတွင်ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ခြင်းစနစ်စီမံကိန်း Steering Committee အစည်း​ဝေး ကျင်းပ

မြန်မာနိုင်ငံတွင်ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ခြင်းစနစ်စီမံကိန်း Steering Committee အစည်း​ဝေး ကို ဖေဖေါ်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က နေပြည်တော် ဟိုတယ်ဇုံရှိ အမရာဟိုတယ် ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ၊ စီမံကိန်းဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာနများမှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နယ်သာလန်နိုင်ငံ သံရုံးနှင့် နယ်သာလန်နိုင်ငံ Wagningen University & Research မှ တာဝန်ရှိသူများ၊ စီမံကိန်းဒေသများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် နည်းပညာနောက်ကို ယုံယုံကြည်ကြည် လိုက်နာ သည့် တောင်သူကို ရွေးချယ်ရန်လိုအပ်ကြောင်း၊ တောင်သူမှ တောင်သူ (Farmer to Farmer) နည်းပညာဖလှယ်သည့်အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်  ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တောင်သူစိုက်ပျိုးလိုသောသီးနှံဖြစ်ရန် ၊ ဒေသနှင့် ကိုက်ညီမှုရှိရန် ၊ စီးပွားရေးအရတွက်ချေကိုက်မှု စသည့်အချက်(၃)ချက်အပေါ်မူတည်ပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ဆောင်ရွက်သွားကြဖို့ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ခြင်းစနစ်စီမံကိန်း ကို နယ်သာလန် နိုင်ငံမှ နည်းပညာအကူအညီများပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် စိုက်ပျိုးနည်းစနစ်များ ကို စိစစ်သုံးသပ်၍ ရေရှည်တည်တံ့ ခိုင်မြဲသောစိုက်ပျိုးရေးနည်းစနစ် သို့ ပြောင်းလဲရန် လုပ်ဆောင်ခြင်းဖြစ်သည့် ကနဦး စီမံကိန်းတစ်ခုဖြစ်သည်။

စီမံကိန်း ကို (ကလော၊ ဟိုပုံး၊ ပြင်ဦးလွင်၊သံတောင်ကြီး) အစရှိသော တောင်ပေါ်ဒေသ စိုက်ပျိုးနည်းစနစ်များ သာမက အပူပိုင်းဇုန်ဖြစ်သော မကွေး၊ နေပြည်တော်၊ တပ်ကုန်း ဒေသများတွင်ရှိသော စိုက်ပျိုးနည်း စနစ်များကိုလည်း လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။