သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ငမြှောင်တောင်ပိုး(Fall Armyworm)ကျရောက်ပျက်စီးမှုနှင့် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ ။

စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဇီဝသိပ္ပံဗဟိုဌာန(Centre for Agriculture and Bioscience International-CABI)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့်  ငမြှောင်တောင်ပိုး(Fall armyworm)ကျရောက်ပျက်စီးမှုနှင့် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် အမရာ ဟိုတယ် တွင် ပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်တွင်းပြည်ပ သုတေသနပညာရှင်များ နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်း များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ CABI အဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အဖွင့်အမှာ စကားပြောကြားရာ၌  ငမြှောင်တောင်ပိုး(Fall armyworm-FAW)အပါအဝင် သီးနှံဖျက်ပိုးမွှား များ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် သုတေသနအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍  ပိုးမွှားရောဂါဒဏ် ခံနိုင်သည့်မျိုးများ ထုတ်လုပ်ရေး၊ ဓါတုပိုးသတ်ဆေးနှင့် သဘာဝပိုးသတ် ဆေးများကို စနစ်တကျသုံးစွဲနိုင်ရေး လုပ်ငန်းများကို သက်ဆိုင်သူအားလုံးတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း Fall Armyworm-FAW နှင့် ပတ်သက်သော နိုင်ငံတကာအတွေ့အကြုံများ၊ ပြည်တွင်း အတွေ့အကြုံများအား အမြင်ချင်း ဖလှယ်ပြီး ရေရှည်ဆောင်ရွက်ရန်လိုအပ်ချက်များ ဖော်ထုတ်ရေး နှင့် ဆွေးနွေးသုံးသပ် အကြံပြုနိုင်ရန် ယနေ့ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊

ပြီးခဲ့သည့် မိုးရာသီတွင် ငမြှောင်တောင်ပိုး (FAW)ကျရောက်ပျက်စီးမှုများရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ငမြှောင်တောင်ပိုးကျရောက်ဖျက်ဆီးမှုမှ ကာကွယ်နှိမ်နင်းနိုင် ရေးအတွက်  ပိုးသတ်ဆေး နှင့် ဆက်စပ်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင် အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး Drone ဖြင့် ဆေးဖျန်းခြင်း၊ အသိ ပညာပေးလုပ်ငန်းများ အပါအဝင် ငမြှောင်တောင်ပိုး (Fall Armyworm-FAW) ကာကွယ် နှိမ်နင်းခြင်းလုပ်ငန်းများကို တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ရှမ်းပြည် နယ်၌ ငမြှောင်တောင်ဖျက်ပိုး ကျရောက်ခဲ့မှုအပေါ် သက်ဆိုင်ရာ ဒေသအစိုးရ အဖွဲ့စည်းများ၊ ဒေသခံများနှင့် ပူးပေါင်း၍ ငမြှောင်တောင်ဖျက်ပိုး နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ တစ်နိုင်ငံလုံးတွင် နှစ်စဉ် ပြောင်းသီးနှံ ဧက(၁၄)သိန်းခန့် စိုက်ပျိုးလျက်ရှိပြီး Fall Armyworm-FAW ကြောင့် ယခုနှစ် ပြောင်းစိုက်ဧက ၁သိန်း ၁သောင်း ဝန်းကျင်ခန့် ထိခိုက်မှုရှိ ခဲ့သော်လည်း အချိန်မီ ကာကွယ် နှိမ်နင်းနိုင်ခဲ့သဖြင့် အထွက်နှုန်းအပေါ် များစွာ ထိခိုက်မှု မရှိ ခဲ့ကြောင်း၊

တောင်သူများထံ နည်းပညာနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းစဉ်များ အဓိက ပျံ့နှံ့ ရောက်ရှိစေရေးမှာ ကျရောက်သည့် ရောဂါဖျက်ပိုး၏ ဇစ်မြစ်အား ကာကွယ်နှိမ်နင်းရေး ၊ ထိန်းချုပ်ခြင်းများနှင့်အတူ သုတေသနလုပ်ငန်းများဖြင့် ဖော်ထုတ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတကာတွင်လည်း Fall armyworm-FAW ၏ သုတေသနဖော်ထုတ်ချက်များ ရှိ သည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပိုးကျရောက်ရာတွင် ပိုးကောင်၏ ဖျက်ဆီးနိုင်မှု အလေ့ အထ၊ ဘဝစက်ဝန်း၊ ကာကွယ်နှိမ်နင်းနိုင်မည့် ထိန်းချုပ်တိုင်းတာခြင်း လုပ်ငန်းစဉ်များတွင် ပိုးမွှားရောဂါဒဏ် ခံနိုင်သည့် မျိုးများ ထုတ်လုပ်သည့်နည်းလမ်း ၊ သဘာဝဖြစ်စဉ်အတိုင်း နှိမ်နင်းသည့်နည်းလမ်း၊ ဓါတုပိုးသတ်ဆေး အသုံးပြုနှိမ်နင်းခြင်းလုပ်ငန်း ၊ သီးနှံဖျက်ပိုး ခိုအောင်းမှုမရှိစေရေးအတွက် အခြားသီးနှံများနှင့် ရောနှောစိုက်ပျိုးခြင်းလုပ်ငန်း စသည်ဖြင့် သုတေသနပြု စမ်းသပ်ဖော်ထုတ်သွားကြရမည်ဖြစ်ကြောင်း၊ NGO သုတေသနအဖွဲ့အစည်း များနှင့် ပူးပေါင်း၍  ပိုးမွှားရောဂါဒဏ်ခံနိုင်သည့်မျိုးများ ထုတ်လုပ်ရေး၊ စိုက်ပျိုးနည်းပညာ ပိုင်းဆိုင်ရာတွင် ပူး‌ပေါင်းရေး ၊ ဓါတုပိုးသတ်ဆေးနှင့် သဘာဝပိုးသတ်ဆေးများကို စနစ်တကျ စီမံသုံးစွဲနိုင်ရေး၊ ထောက်ခံချက်ရရှိထားသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းများကို ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်‌ကြောင်း၊ Fall Armyworm-FAW ဆိုင်ရာ ဘက်စုံပိုးမွှား ရောဂါ ကာကွယ်နှိမ်နင်းနည်း လမ်းညွှန်ချက်ထုတ်ပေးပြီး တောင်သူဆွေးနွေးပွဲများနှင့် လက်တွေ့ဆောင်ရွက်ခြင်းလုပ်ငန်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေးခြင်း လုပ်ငန်း၊ အမှန်တကယ် ပြင်းထန်စွာကျရောက်နိုင်သည့် ဧရိယာများတွင် သရုပ်ပြ ဆောင်ရွက်ခြင်း လုပ်ငန်းအား တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ မီဒီယာ ကဏ္ဍအားဖြင့်ပါ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 ထို့နောက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဇီဝသိပ္ပံဗဟိုဌာန(CABI-SEA) မှ Regional Director Dr.Sivapragasam က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆွေးနွေး ပွဲကိုဆက်လက်ကျင်းပသည်။

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို Fall Armyworm-FAW ငမြှောင်တောင်ပိုး မြန်မာ နိုင်ငံတွင်ကျရောက်ခြင်းအတွက် ကာကွယ်နှိမ်နင်းရေးနှင့်သုတေသနလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ NGOs ၊ INGOs များနှင့် မိတ်ဖက် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်မြှင့်တင်ရန်၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများအား ဆွေးနွေးပြီး လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးနိုင်ရန် တို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။