သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ် ။


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာ ကုန်ထုတ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝစေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် နှင့် နိုင်ငံစီးပွား ဖွံ့ဖြိုး တိုးတက်မှု ကို အထောက်အကူ ဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ လူဉီးရေအများဆုံး မီတင်းနေထိုင်ရာ ကျေးလက်နေပြည်သူများ နှင့် တောင်သူများ၏ စွမ်းဆောင်ရည်များ ဖော်ထုတ်မြှင့်တင်ပေးခြင်း၊ နည်းပညာ အပါအဝင်  အခြေခံလိုအပ်ချက်များ ကူညီပံ့ပိုးပေးခြင်း၊ လယ်ယာ အခြေခံ စက်မှုလုပ်ငန်းများ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းများ၊ ရက်ကန်း လုပ်ငန်းများ၊ ပန်း(၁၀)မျိုးအပါအဝင် ရိုးရာလက်မှု လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အားပေးဆောင်ရွက်လျက်ရှိသည်။

တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ ၇ ရက်သင်တန်းကို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က ၂၀၁၉ အောက်တိုဘာလ မှစတင်၍ လစဉ်ဖွင့်လှစ်ပို့ချ ပေးလျက်ရှိရာ သင်းတန်းအမှတ်စဉ် ၂ ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့က နေပြည်တော် ရုံးအမှတ် ၁၆ ၌ ကျင်းပ ပြုလုပ်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ယခုဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ ၇ ရက် သင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့  နေပြည်တော်၊ မန္တလေး၊ ရွှေဘို၊ ပြည် စသည့် ဒေသအသီးသီးမှ သင်တန်းသား သင်တန်းသူ ၂၀ ဉီးတို့ တက်ရောက် လေ့လာလျက် ရှိသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ဒေသထွက် သီးနှံ ကုန်ကြမ်းများ ကို အခြေခံသော ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရ ပြည့်ဝသည့် စားသောက်ကုန်များ ထုတ်လုပ်နိုင်ရန် တို့ကို ရည်ရွယ်ဆောင်ရွက်သော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းများကို အခမဲ့ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (နေပြည်တော်-ရုံးချုပ်)ဖုန်း ၀၆၇၃ ၄၁၀၄၇၇ ၊ ၀၉၇၆၅၀၆၈၀၁၂ များသို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သတင်းရရှိသည်။