နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ အသစ် တည်ဆောက်ခြင်း လုပ်ငန်း စီမံကိန်းအား ကြည့်ရှု စစ်ဆေး

ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့မှ လှူဒါန်းသည့် နေအိမ် ၁၇၅ လုံး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက်နေ့နံနက် ၉ နာရီခွဲတွင် ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု ကျွန်းတောစုကျေးရွာသစ်၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဦးစိုးအောင်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများနှင့်အတူ ရေတာရှည် မြို့နယ် ကျွန်းတောစုကျေးရွာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံ ဆောက် လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် (MCEA) ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ ရေတာရှည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်တို့က ကျေးရွာမုခ်ဦးအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးတို့က ကျေးရွာ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။

ယင်းနောက် ကျွန်းတောစုကျေးရွာဖွင့်ပွဲ အထိမ်း အမှတ်အဖြစ် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက အောင် သပြေ၊ ကံ့ကော်၊ ခရေနှင့် ကတ္တီပါစိမ်းပင်တို့ကို စိုက်ပျိုးပေး ကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ရေဘေးသင့်ပြည်သူ များအတွက် အသစ်ဆောက်လုပ် ထားသော နေအိမ်များ အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။

          ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအဖြစ် ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းထားသော နေအိမ် ၁၇၅ လုံး ပေးအပ်ပွဲအခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ နှုတ်သီးကျိုးပျက်မှုကြောင့် ဆည်ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ ပြီး ကျွန်းတောစုကျေးရွာကို ကျေးရွာအသစ်တည်ဆောက် ရာတွင် နေအိမ် ၁၇၅ လုံးအနက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၁၃ လုံး၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင် ရာလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် နေအိမ် ၁၆၂ လုံး ကို ဒေသခံပြည်သူများထံသို့ ဆောက်လုပ်လှူဒါန်း လွှဲပြောင်းပေးအပ်နိုင်သည့်အတွက် ဝမ်းမြောက်မိပါကြောင်း။
၂၀၁၈ ခုနှစ်အတွင်းတွင် ပဲခူးတိုင်းဒေသကြီးသည် ရေဘေးဒဏ်ကိုခံစားရပြီးနောက် ဆွာချောင်းရေလှောင် တမံရေပိုလွှဲနှုတ်သီးကျိုးပျက်မှုကြောင့် ဖြစ်ပွားသည့် ရေဘေးကို ထပ်မံခံစားခဲ့ရပါကြောင်း၊ အဆိုပါ ရေဘေး ကြောင့် နေအိမ်များ ပြိုလဲမျောပါခြင်း၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခြင်းများကို ကြုံတွေ့ခဲ့ရသည့်အတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ချက်ချင်းသွားရောက်၍ ကူညီထောက်ပံ့မှုများ ဆောင် ရွက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင် အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ် ညှိနှိုင်းမှုအဖွဲ့ ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်တွင် ထပ်မံဖွဲ့စည်းပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။

စိုက်ပျိုးမြေများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင် ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပြိုလဲမျောပါခဲ့သည့် နေအိမ် ၁၈၅ လုံးအတွက် နေအိမ်များ ပြန်လည်တည်ဆောက်နိုင် ရေးအိမ်ဆောက်ပစ္စည်းဖိုးနှင့် အမိုးသွပ်များ ထောက်ပံ့ ပေးခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်နှင့် ဘုန်းကြီးကျောင်းများကိုလည်း ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ရေမျောပျက်စီးခဲ့သည့် စိုက်ပျိုး မြေများအတွက် အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစပါး နှင့် အခြားသီးနှံများ ထောက်ပံ့ပေးခြင်း၊ သဲဖုံးခဲ့သည့် လယ်ယာမြေများ ပြန်လည်ဖော်ထုတ်နိုင်ရေးအတွက် ထောက်ပံ့ပေးခြင်းစသည်တို့ကို လျင်လျင်မြန်မြန် ထောက်ပံ့ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် စိုက်ပျိုးမြေ များကို အမြန်ဆုံးပြန်လည်ဖော်ထုတ် စိုက်ပျိုးနိုင်ခဲ့ပါ ကြောင်း။ မိမိတို့နိုင်ငံ၏ ပထဝီဝင် အနေအထားအရ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံစားရရန် အလွန်လွယ်ကူသည့် အနေအထားတွင် ရှိသည့်အပြင် ဖြစ်ပွားနိုင်သည့် သဘာဝ ဘေးအမျိုးအစားမှာလည်း စုံလင်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ ဒေသတွင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံ အတွင်းတွင်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၅ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ဥပဒေအရ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကိုဆောင်ရွက်ရန် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ဒုတိယ သမ္မတအဆင့်က ဦးဆောင်သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို ဖွဲ့စည်းခဲ့ပါ ကြောင်း။

အမျိုးသားကော်မတီအောက်တွင် လုပ်ငန်းကော်မတီ (၁၂)ရပ်ကို ထပ်မံဖွဲ့စည်းထားပြီး တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်အသီးသီးတွင်လည်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင် ရွက်လျက်ရှိရာတွင် ပြည်ထောင်စုအဆင့်တွင်ရှိသည့် လုပ်ငန်းကော်မတီ(၁၂)ရပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ကော်မတီအသီးသီးသည် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေပါ ကြောင်း။

ထို့ပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် မြန်မာ နိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးလုပ်ငန်းစီမံချက် (MAPDRR) ကို ရေးဆွဲထားပြီးဖြစ် သည့်အတွက် ဦးစားပေးလုပ်ငန်း၏ ပင်မမဏ္ဍိုင်(၁) ကဏ္ဍခွဲ(၁-၄)တွင် ယနေ့အခမ်းအနားနှင့် ကိုက်ညီ သည့်အချက်ဖြစ်သော မြန်မာနိုင်ငံရှိ ရေကာတာများနှင့် ရေလှောင်တမံများ၏ အန္တရာယ်ကင်း စိတ်ချရမှုအရေးကြီး သောအခြေခံအဆောက်အအုံများ၊ အစိုးရအဆောက်အအုံ များ၊ အရေးပေါ်အခြေအနေတွင် အသက်များ ကယ်ဆယ် နိုင်ရေးအတွက် အရေးပါသောအဆောက်အအုံများအား ဆန်းစစ်လေ့လာခြင်းဟု ထည့်သွင်းဖော်ပြထားပါ ကြောင်း။

နောက်နောင်တွင် ယင်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှု ကို ရှောင်ရှားနိုင်ရန် တစ်နိုင်ငံလုံး တွင်ရှိသည့် ဆည်များ၊ ရေလှောင်တမံများ အပါအဝင်အခြေခံအဆောက်အအုံများ ၏ ခိုင်ခံ့မှုကို စနစ်တကျကြီးကြပ်စစ်ဆေးနေရန် လိုအပ်သည့်အတွက် သက်ဆိုင်ရာကဏ္ဍ အသီးသီးက တာဝန်ရှိသူ များအနေဖြင့် အထူးဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် သဘာဝဘေး အန္တရာယ်များကို ရင်ဆိုင် တုံ့ပြန်နိုင်ရန်အတွက် ပြည်သူ များ ကိုယ်တိုင်ပါဝင်ပြီး ကြိုတင်ပြင်ဆင်မှုများကို ဆောင် ရွက်နိုင်မှသာလျှင် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်းတစ်ခု အမှန် တကယ်ပေါ်ပေါက်လာမည်ဖြစ်သည့်အတွက် ဘေးဖြစ်ပြီးမှ ထောက်ပံ့ခြင်းထက် ဘေး မဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းကို ထိရောက် အကျိုးရှိအောင် ဆောင်ရွက်ထားကြရန် နှင့် နေအိမ်များ ပျက်စီးခဲ့ရသည့် ပြည်သူများ ကို နေအိမ် ၁၇၅ လုံးပြန်လည် တည်ဆောက် ပေးရန်အတွက် မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ် အနေဖြင့် နေအိမ် ၁၆၂ လုံးကို ယနေ့ ဆောက်လုပ်လှူဒါန်းမှုအတွက်လည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောကြား သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် က ကျွန်းတောစုကျေးရွာသစ် တည်ဆောက်ပေးမှု နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEA) ဥက္ကဋ္ဌက ရေဘေးသင့်ပြည်သူများ အတွက် ဆောက်လုပ်လှူဒါန်းပေးသော နေအိမ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသားဝတ်စုံ ၁၀၀၀ နှင့် ကျောင်းသူ ဝတ်စုံ ၁၀၀၀ အား ပေးအပ်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့ က လက်ခံရယူသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌက အထောက်အကူပြု ပရိဘောဂ ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျွန်းတောစု ကျေးရွာ ရာအိမ်မှူးနှင့် ကျေးရွာပြည်သူ တစ်ဦးက လက်ခံရယူသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ရေတာရှည်မြို့နယ် ရေဘေးသင့် ပြည်သူများ အား နေအိမ်များ အသစ်ဆောက်လုပ် လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲအသစ် တည်ဆောက်ခြင်းလုပ်ငန်း စီမံကိန်းရှင်းလင်း ဆောင်သို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က လက်ရှိ ရေပိုလွှဲအသစ် တည်ဆောက်နေမှုအခြေအနေ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် တမံ ရေသောက်စနစ် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် ရေပို လွှဲအသစ် တည်ဆောက်နေမှုအခြေအနေ များ၊ အကျယ် ၁၂၀ ပေရှိ ယာယီကျောက်ဖြည့် ရေလွှဲဆည်နှင့် အကျယ် ပေ ၂၀၀နှင့် အမြင့် ၄၅ ပေရှိ ယာယီရေတားတမံ ဆောက်လုပ် နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ရှင်းလင်းဆောင်သို့ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ဆွာချောင်းရေလှောင်တမံ ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း အခြေအနေနှင့် ရေပိုလွှဲအသစ် တည်ဆောက်မည့်နေရာတွင် ဘူမိဗေဒစမ်းသပ်ခြင်း လုပ်ငန်းနှင့် အခြေခံ အုတ်မြစ်မြေကြီးတူးခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများ၊ ၂၀၁၉ ခုနှစ် နွေစပါး ရေပေးဝေရေးအတွက် စီစဉ်ဆောင်ရွက်မှု အခြေအနေများ၊ ယာယီရေလွှဲမြောင်းပိတ်၍ လက်ရှိရေသိုလှောင်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြချက်အပေါ် ဒုတိယ သမ္မတက ရေပိုလွှဲအသစ် တည်ဆောက်ရာ တွင် ယခင်ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး အတွက် လုပ်ငန်းများဆောင်ရွက်ရာ၌ လျင်မြန်မှုထက် ရေရှည်ခိုင်ခံ့မှုကို အလေး ထားဆောင်ရွက်သွားရန် ပြောကြား သည်။
အဆိုပါ ရေပိုလွှဲမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ် ပြီး အလျား ၄၄၇ ဒသမ ၂ ပေ၊ အကျယ် ၅၃၁ ဒသမ ၅ ပေ နှင့် ရေပိုလွှဲ ဒီဇိုင်း ရေထုစီးနှုန်း ကုဗမီတာ ၈၀၀၀၀ ရှိပြီး ရေပိုလွှဲ အသစ်တည်ဆောက်ခြင်းလုပ်ငန်း၏ အောက်ခံအုတ်မြစ်ပြုပြင်ခြင်း လုပ်ငန်းစဉ်မှ သည် ရာနှုန်းပြည့် တည်ဆောက်ပြီးစီး သည်အထိ တည်ဆောက်မှုကာလ နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရ သည်။