ပြည်ထောင်စုအဆင့်သတင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အတန်းလိုက် စပါးမျိုးစေ့ချကိရိယာများ ၊ လယ်ယာသုံးစက်ကိရိယာများအား ကြည့်ရှုစစ်ဆေး

              မြန်မာ့ရေမြေ သဘာဝနှင့် ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သော လယ်ယာသုံး စက်ကိရိယာများ ပိုမိုသုံးစွဲနိုင်ရေးနှင့် ခေတ်မီစက်မှု လယ်ယာစနစ်ကို အချိတ်အဆက်မိမိ ကူးပြောင်း ဆောင်ရွက်နိုင်ရန် အားပေးကူညီ ဆောင်ရွက်သွားမည် ဟူသောအချက်ကို မိမိတို့ ဝန်ကြီးဌာန၏ စက်မှုလယ်ယာ နှင့် သွင်းအားစုများ ဆိုင်ရာမူဝါဒ တစ်ရပ်အဖြစ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီက နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် စက်မှုလယ်ယာစံပြစိုက်ကွင်း ၌ ကျင်းပပြုလုပ်သည့် စပါးမျိုးစေ့ချ ကိရိယာ ၊ တန်းကြားဖော်ကိရိယာ နှင့် ဆေးဖျန်းကိရိယာများဖြင့် စမ်းသပ် အသုံးပြု စိုက်ပျိုးထားသော မိုးစပါးစိုက်ကွင်းသို့ ရောက်ရှိစစ်ဆေး အားပေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။​          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲဒီကျေးရွာ တောင်သူ ဦးကြည်စိန် ၏ စိုက်ကွင်းတွင် စက်မှုလယ်ယာဦးစီးဌာန က စမ်းသပ်ထုတ်လုပ်ထားသည့် (၁၀)တန်းသွား စပါးမျိုးစေ့ချကိရိယာဖြင့် စပါးစမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများကို လည်းကောင်း၊ စပါးကြဲခင်းများအား လေဝင်လေထွက်ကောင်းမွန်စေရန် နှင့် ရောဂါပိုးမွှား ကင်းစင်ရေး အတွက် တန်းကြားဖော်ကိရိယာအသုံးပြု၍ တန်းကြား (၁၀)လက်မဖြင့် စမ်းသပ် သုတေသနပြု ထားသည့် တန်းကြားဖော်ထားသောစပါးခင်းများ ကိုလည်းကောင်း၊ (၈)တန်းသွား (၄)တန်းသွား စပါးမျိုးစေ့ချကိရိယာများဖြင့် မြေသားအခြောက် အခြေအနေ တွင် အတန်းလိုက် မျိုးစေ့ချ စိုက်ပျိုးထားမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးရာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း တို့ က ရှင်းလင်းတင်ပြကြသည်။

          ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် ယခုကဲ့သို့ စက်မှုလယ်ယာ ဦးစီးဌာန က ထုတ်လုပ်ထားသည့် လက်တွန်းထွန်စက်နှင့် တွဲဘက်အသုံးပြုနိုင်သော (၆)တန်း တန်းကြား ဖော်ကိရိယာ၊ ကောက်စိုက်စက်နှင့်တွဲဘက်အသုံးပြုနိုင်သော(၆)တန်း တန်းကြား ဖော်ကိရိယာ ၊ ထွန်စက်ကြီးနှင့် တွဲဘက်အသုံးပြုနိုင်သော (၈)တန်း တန်းကြား ဖော် ကိရိယာများကို တောင်သူ များ လက်ဝယ်ရှိ ထွန်စက်များ၊   လုပ်ကိုင်နေကြသော စက်ပိုင် တောင်သူများ လက်ဝယ်ရှိ ထွန်စက်များနှင့်တွဲဘက် အသုံးပြုပြီး မိမိတို့ဒေသ အလိုက် စိုက်ပျိုး လုပ်ကိုင် နေသော ကြဲပက်စနစ်ဖြင့် စိုက်ပျိုးထားသည့်စပါးစိုက်ခင်းများကို အတန်းလိုက် ဖော်နိုင်မှာ ဖြစ်ကြောင်း၊ တောင်သူများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်မည့် လယ်ယာသုံးစက်ကိရိယာများ အောင်မြင် စွာ ထုတ်လုပ်နိုင်ရေး နှင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ဆက်လက် ကြိုးပမ်းကြရန် လိုကြောင်း ဆွေးနွေးမှာကြားသည်။

​          ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ထွန်စက်ကြီးများကို သံဘီး အမြင့်များ တပ်ဆင်၍ စိုက်ခင်းများအား ပိုးသတ်ဆေးဖျန်းကိရိယာကိုလည်းကောင်း၊ (၈)တန်း (၄)တန်း အခြောက်မျိုးစေ့ချ ကိရိယာများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ကြသည်။

စက်မှုလယ်ယာဦးစီးဌာန က စမ်းသပ်ထုတ်လုပ်ထားသည့် (၁၀)တန်းသွား စပါး မျိုးစေ့ချ ကိရိယာသည် တစ်ဧကပြီးစီးရန် (၃၅)မိနစ်ခန့်ကြာမြင့်ပြီး မျိုးစေ့ (၇)ပြည်ခန့် သာ ကုန်ကျ မည် ဖြစ်သည်။ သမားရိုးကျ ကြဲပက်စိုက်ပျိုးပါက တစ်ဧကလျင် မျိုးစပါး တစ်တင်းခွဲ မှ နှစ်တင်း အထိ ကုန်ကျနိုင်သဖြင့် မျိုးစေ့သုံးစွဲမှုကို လျော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။