ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ၏ ကွင်းအတွေ့အကြုံ စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်အားပေး   

သုတေသနနှင့် ပညာပေး လုပ်ငန်းများမြှင့်တင်ရေး ဒုတိယအကြိမ် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကို ဇန်နဝါရီ  ၃၁ ရက် ညနေ ၄ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး ပြည်နယ်များမှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ ၊ စွန့်ဦးလူငယ်ပညာရှင်အဖွဲ့(YSI) အဖွဲ့ဝင်များ တက်ရောက် ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ ပညာရပ်နှင့် ယှဉ်တွဲရပ်တည်ကြရသည့် ပညာရှင်များအတွက် သုတေသနသည် အရေးပါသည့် လုပ်ငန်းရပ် ဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းခွင်အတွေ့အကြုံနှင့် စဉ်ဆက်မပြတ်လေ့လာ သင်ယူမှုကို အခြေခံသည့် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရရှိထားသည့်သုတေသန အတွေ့ အကြုံ နှင့် ရလဒ်များမျှဝေပေးခြင်း သည် မိမိတို့ဝန်ကြီးဌာန၏ ရှေ့ပြေးအောင်မြင်မှုများ အဖြစ် မှတ်ယူပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားများ အကျိုး စီးပွား တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေမည့် သုတေသနများစွာကျန်ရှိနေသေး ကြောင်း၊  တောင်သူများကြုံတွေ့နေရသည့် ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းပေး နိုင်ရန် မိမိတို့ပညာရှင်များက ဆက်လက် ကြိုးပမ်းပေးကြစေလိုကြောင်း၊

ရုပ်ဝတ္ထုတိုးပွားခြင်းထက် အသိပညာတိုးပွားရေးကို ဦးစားပေးဆောင်ရွက်ကြရန် လိုကြောင်း၊ အသိပညာတိုးပွားခြင်းကြောင့် ပြောင်းလဲတိုးတက်လာမှုကို မိမိတို့ တောင်သူများ သတိထားမိစေရန် နည်းပညာပြန့်ပွားရေးနှင့်အတူ အသိပညာတိုးပွားရေးကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နည်းပညာသစ်များလိုက်နာကျင့်သုံးသည့် တောင်သူ၏ အောင်မြင်မှုကို တောင်သူအချင်းချင်း ၊ တောင်သူ မှ တောင်သူ(Farmer to Farmer) ဖြန့်ဝေ ပေးခြင်းအား ဖော်ဆောင်ပေးရန်လိုကြောင်း ဆွေးနွေးပြောကြားကြသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊ စာတမ်းအမျိုးအစားများနှင့် ဆုရွေးချယ်မှုတို့ကို ရှင်းလင်းတင်ပြပြီး ဆုရရှိသူများကို ကြေညာသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး က “မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသော မြေဆီလွှာ အာဟာရဓါတ် အဆင့်အတန်းများအား မြေဆီလွှာစစ်ဆေးချက်တန်ဖိုးများအရ အကဲဖြတ်ခြင်း” စာတမ်းဖြင့် ပထမဆု ရရှိသည့် မြေအသုံးချရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါက်တာချိုမာထွေး၊

“Effect of Rain Guarding & Tapping Systems on Natual Rubber Production” စာတမ်းဖြင့် ဒုတိယဆု ရရှိသည့် မွန်ပြည်နယ်မှ ဒု-ဦးစီးမှူး ဒေါက်တာ အေးသီတာဝင်း ၊

သက်တမ်းရှည်ကျန်းမာပျော်ရွှဖို့ အစားအစာဘေးကင်းလုံခြုံရေး ဆောင်ရွက် စို့ စာတမ်းဖြင့် တတိယဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီးမှ ဒု-ဦးစီးမှူး ဒေါ်စုစုဝေလွင် တို့ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးကျော်မင်းဦး နှင့် ဦးကျော်ငွေ တို့က နှစ်သိမ့်ဆု(၅)ဆု ကိုလည်းကောင်း ၊ အထူးဆုများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ကလည်းကောင်း ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက လက်ခံ ရယူခဲ့ကြသည်။

၎င်းနောက်  စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် က စာတမ်းရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ စာတမ်းရှင်များကိုယ်စား ဒေါက်တာယဉ်မင်းထွန်း က လက်ခံရယူခဲ့သည်။

သုတေသနနှင့် ပညာပေးလုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်လာစေရေး ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊  ဒေသအသီးသီး၌ ဆောင်ရွက်ခဲ့ကြသည့် စမ်းသပ်ကွက် စံပြကွက် သုတေသနလုပ်ငန်း အတွေ့အကြုံများအား ဝန်ထမ်း အချင်းချင်း မျှဝေပေးနိုင်ရေး တို့ကိုရည်ရွယ် ၍ ဇန်နဝါရီလ ၂၉ရက် မှ ၃၁ ရက်နေ့ အထိ ကျင်းပခဲ့သည့် သုတေသနနှင့် ပညာပေး လုပ်ငန်းများမြှင့်တင်ရေး ဒုတိယအကြိမ် စာတမ်း ဖတ်ပွဲ တွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဒေသအလိုက် ဆောင်ရွက်ခဲ့သော စမ်းသပ်ကွက်၊ စံပြကွက်များ၌ လက်တွေ့ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများက လုပ်ငန်း ရလဒ်များ၊ သုတေသနလုပ်ငန်း ရလဒ်များကို စာတမ်းပြုစု တင်သွင်း ဖတ်ကြားကြခြင်းဖြစ်ပြီး ဒုတိယ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ပါဝင်သည့် စာတမ်း အမှတ်ပေးအဖွဲ့က စိစစ် ရွေးချယ်၍ အကောင်းဆုံး စာတမ်းဆုများပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။