စိုက်ပျိုးရေးဦးစီးဌာနနှင့် International Water Management Institute (IWMI) တို့ ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီမြစ်ဝှမ်းဒေသ၌ မြေအရင်းမြစ်အပေါ် မူတည် ၍ စပါးသီးနှံနှင့် စပါး-ငါး စိုက်ပျိုးထုတ်လုပ်ရန် သင့်လျော်သော မြေအခြေအနေပြ မြေပုံရေးဆွဲမှုဆိုင်ရာ သင်တန်းနှင့် အရာရှိများအဆင့် မူဝါဒဆိုင်ရာ ဆွေးနွေး ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် အမရာဟိုတယ် ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ International Water Management Institute (IWMI) နှင့် ဆက်စပ်အဖွဲ့အစည်းများမှ ပညာရှင်များ တက်ရောက်ကြသည်။
မြေပြင် သတင်းအချက်အလက်စနစ်များ မှန်ကန်စွာသိရှိနိုင်ရေး၊ ဒေသနှင့် လိုက်လျောညီထေွရှိသည့် စပါး-ငါး အခြေအနေပြမြေပုံစနစ် ပေါ်ထွက်လာရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန နှင့် IWMI တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စပါး-ငါး မြေပုံစနစ် မှ သတင်းအချက်အလက်ရရှိမှု တိုးမြင့်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခင်ကောက်ယူပြီး အချက်များနှင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးကာ နောက်ဆုံးရမြေပြင် သတင်း အချက်အလက်များနှင့် မြေပုံရေးဆွဲမှုကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဒေသတွင်း ဆောင်ရွက်လျှက်ရှိသည့် စပါး-ငါး သတင်းအချက်အလက်များမှတဆင့် အစားအစာ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် အစားအစာရရှိမှုအတွက် သင့်တော်သည့် မြေအခြေအနေပြ မြေပုံရေးဆွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာ ဗျူဟာ(ADS)တွင် ပါဝင်သည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားရှိမှု စသည့်မဏ္ဍိုင်ကြီး(၃)ရပ်ကို အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီ မြစ်ဝှမ်း အပါအဝင် အချို့ဒေသများတွင် မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း ပြဿနာများ ကြုံတွေ့ရလျက်ရှိရာ သီးနှံပျက်စီးဆုံးရှုံးမှုနှင့် အစားထိုးပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်စီမံခန့်ခွဲမှုပြုနိုင်ရေးကိုလည်း ယခု စီမံကိန်းမှ အကျိုးပြုမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။
စပါးစိုက်ပျိုးထုတ်လုပ်ရန်အတွက် သင့်လျော်သော မြေအသုံးချမှုစီမံခန့်ခွဲရေး အခြေအနေပြ မြေပုံများ ရေးဆွဲဆောင်ရွက်ခြင်းဖြင့် ရေကြီးလွှမ်းမိုးခြင်းကြောင့် ဖြစ်ပေါ် လာမည့် ထိခိုက်ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်သည့်အပြင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနည်းလမ်းများ အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးရေးနည်းလမ်းများ ရှာဖွေရာတွင်လည်းကောင်း စသည့် လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းများချမှတ်ရာတွင် အဆိုပါ မြေပုံအား အသုံးပြုနိုင်မည် ဖြစ်သည်။