ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဒုတိယ အကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနား ကျင်းပ။

 

ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်လျှော့ချရန် နှင့် အာဆီယံ အသိုက်အဝန်း တည်ထောင်မှုကို အထောက်အကူ ပေးရန်၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုအစီအစဉ် ၂၀၃၀ ရည်မှန်းချက်ကို တိုးမြှင့် အကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့်သွားရန် ရည်ရွယ်ဆောင်ရွက်သော မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများဖြင့်  စီမံကိန်းဒေသများရှိ တောင်သူလယ်သမားများ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်သူတို့၏ သာယာ ဝပြောမှုကို တိုးမြှင့်ပေးရေး ကြိုးပမ်း အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai ၊ အမြဲတမ်းအတွင်းဝန်များ နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် မဲခေါင်နိုင်ငံ (၅) နိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ အဖွဲ့ဝင် အဖြစ် ပါဝင်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးမှု ဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအစိုးရက အထူးရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း(၃၀၀)စိုက်ထူ တည်ထောင် ပေးခြင်း နှင့်အတူ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန က စိုက်ပျိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကဏ္ဍအောက်မှ အဓိကဌာနကြီး အဖြစ် ဆောင်ရွက်လျှက်ရှိသည်။

ယနေ့ကျင်းပပြုလုပ်သော မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယ အကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကားပြောကြားပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai က တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရအကြား မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အတွက် အကောင်အထည်ဖော်မည့်စီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင် ရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက် က မဲခေါင်-လန်ချန်း ပူးပေါင်းမှုအရ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံတမန်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လုပ်ငန်း စဉ်များကို လည်းကောင်း ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူး ရန်ပုံငွေ အောက် မှ ပထမအသုတ် စီမံကိန်း (၅) ခုအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကိုလည်းကောင်း၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူး ရန်ပုံငွေအောက်မှ ဒုတိယအသုတ် စီမံကိန်း(၁၂) ခုနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းတင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai အား အမှတ်တရလက်ဆောင်ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး နှင့် အခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော်များသည် ခန်းမအတွင်း ဦးစီးဌာနများက ခင်းကျင်းပြသထားသော စီမံကိန်းဆိုင် ရာ ပြကွက်များကို ကြည့်ရှုအားပေးကြသည်။

      မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အထူး ရန်ပုံငွေ ဒုတိယအသုတ် အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ စီမံကိန်း စုစုပေါင်း (၂၃) ခုကို အဆိုပြုခဲ့ရာ စီမံကိန်း (၁၂) ခု ရွေးချယ်ခံ ခဲ့ရပြီး စီမံကိန်း ရန်ပုံငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ (၅) သန်းခန့် ရရှိခဲ့ပြီး ဦးစားပေးကဏ္ဍ ကနဦးအဆင့်အနေဖြင့် ပေါင်းစည်း ဆက်နွယ်မှု (Connectivity)၊ ထုတ်လုပ်မှု စွမ်းရည် ပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ် (Water Resources)၊ စိုက်ပျိုးရေးနှင့်ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး (Agriculture and Poverty Reduction) စသည့် ကဏ္ဍ (၅) ခု အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။