လယ်ယာကဏ္ဍ သတင်းကဏ္ဍ

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

၂၀၁၉ မေ ၃၁

ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်း က စိုက်ပျိုးရေး ဦးစီးဌာနသည် စားနပ်ရိက္ခာဖူလုံရေး၊ အစား အစာဘေး ကင်းလုံခြုံစေရေး၊ တောင်သူများ၏ ဝင်ငွေ တိုးတက် ရရှိစေရေး၊ အရည်အသွေး ကောင်းမွန်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်းရှိသည့် အမယ်စုံ သီးနှံများနှင့် စက်မှုကုန်ကြမ်း သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကို မျှော်မှန်းပြီး အားထုတ်ဆောင်ရွက်လျက်ရှိ ပါ‌ကြောင်း။

ယခုနှစ်တွင် ဆန်စပါးမျိုးစေ့ထုတ်ဧက ပေါင်း ၇၁၃၇ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး တင်းပေါင်း ၅,၈၀၅,၆၂၀ တင်း ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ GAP စံပြကွက်များအဖြစ် မိုးမြေပဲ ၁၅၅၈ ဧက၊ ဆောင်းမြေပဲ ၃၂၅ဧက၊ ဆောင်းနှမ်း ၆၅ ဧက နှင့် ဆောင်းနေကြာ ၈၃ ဧက ကို စိုက်ပျိုးပေးနိုင်ခဲ့ပါကြောင်း။
GAP အသိအမှတ်ပြု လက်မှတ် ၂၅၃ စောင်ထုတ်ပေးခဲ့ပြီး မြေသြဇာကော်မတီ အနေနှင့် မှတ်ပုံတင်လက်မှတ် ၁၁၉၇ ခုကို ထုတ်ပေးခဲ့ပါကြောင်း။ ဇီဝနည်းပညာဓာတ် ခွဲခန်းကို ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ပျဉ်းမနား) တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ရောဂါအမျိုးအစားများကို ခွဲခြားပေးနိုင်ခဲ့ပါကြောင်း၊ ကြံမျိုးသစ် (၂)မျိုး အသိအမှတ်ပြု လက်မှတ် ရရှိခဲ့ပြီး ရာသီကော်ဖီဌာနခွဲအနေဖြင့် နိုင်ငံပိုင်ခြံ နှင့် ပုဂ္ဂလိကခြံ ၈ ခုတို့ကို GAP Certificate ထုတ်ပေးခဲ့ကာ ကော်ဖီ မျိုးကောင်းမျိုးသန့် ၁၂ မျိုးကိုလည်း မှတ်ပုံတင် နိုင်ခဲ့ပါ ကြောင်း။

ချည်မျှင်ရှည်ဝါအနေနှင့် မျိုးကောင်း မျိုးသန့် ၄၃၄၆၂ ဒသမ ၅ ပိဿာထုတ်လုပ်နိုင် ခဲ့ပါကြောင်း၊ ပိုးချည်ထုတ် လုပ်ရေးအတွက် F1 မျိုးပိုးဥ ၂၈၈ ကဒ်ဖြန့်ဖြူးပေးခဲ့ပြီး တောင်သူ ၅၂၂ ဦးကိုလည်း ပညာပေးသင်တန်း အကြိမ် ၂၀ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် လက်ရှိအချိန်အထိ တောင်သူပေါင်း ၆,၀၂၈,၀၉၀ ကို ဧရိယာ ၂၅,၂၀၆,၂၇၄ ဧက အတွက် ပုံစံ(၇) ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၃၅ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်အတွင်း တောင်သူ ပေါင်း ၅၉,၅၄၈ အတွက် ဧရိယာ ၂၄၆,၃၀၉ ဧက ကို ပုံစံ(၇) ထုတ်ပေးနိုင်ခဲ့ကာ ၃နှစ်တာ ကာလ အတွင်း တောင်သူ ၂၁၅,၁၉၀ အတွက် ပုံစံ(၇) ၉၆၇၁၀၁ ဧကကို ထပ်မံထုတ်ပေးနိုင်ခဲ့ပါကြောင်း။

ယခင်ခွင့်ပြုခဲ့ပြီးဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအနက် ဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ခြင်းမရှိသည့် မြေ ၁၄၃၆၉၉၅ ဒသမ ၂၂ ဧက ကို လက်ရှိအချိန်အထိ ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ယင်းမြေများအပါအဝင် နိုင်ငံ တစ်ဝန်းရှိ မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ များအညီ နိုင်ငံသားတိုင်း လျှောက်ထားရယူပြီး အသုံးပြုနိုင်ရေးကို သက်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများမှ စိစစ်ခွင့်ပြုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၁၈ ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံဧက ၁၃ ဒသမ ၉၂ သိန်းခန့် နှင့် မိုးစပါး ၁၂ ဒသမ ၃ သိန်းခန့်ကို ဆည်ရေပေးဝေနိုင်ခဲ့ပြီး ယခုနှစ်နွေရာသီတွင် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၁၄ ဒသမ ၁ သိန်းခန့် အထိ တိုးတက် ပြီး ဆည်ရေပေးဝေနိုင်ခဲ့ပါကြောင်း။
ယခုနှစ်အတွင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ တောင်နဝင်း၊ မြောက်နဝင်း၊ ဝဲကြီး၊ တောင်ညို ဆည်များ၏ ဆည်ရေ သောက်စနစ်များ တူးမြောင်းများကို ယခုနှစ်အတွင်း ပြီးစီးအောင်ဆောင် ရွက်နိုင်မည်ဖြစ်သည့်အတွက် စုစုပေါင်း လယ်ဧက ၂၁၆၂၈၅ ကို ဒေသခံတောင်သူများ အတွက် စိုက်ပျိုးရေကို ထိရောက် အကျိုးရှိစွာ သုံးစွဲ နိုင်ရေး ဆောင်ရွက်ပေးနိုင်ပြီဖြစ်ပါ ကြောင်း။

ရေကြီးနစ်မြုပ်မှုကာကွယ်ရေးလုပ်ငန်းများအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းပေါင်း (၄၉၃) ခုကို ဆောင်ရွက်နိုင်ခဲ့သည့် အတွက် လယ်မြေဧက ၃ ဒသမ ၂၉ သိန်းခန့်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်တော့မည် ဖြစ်ပါကြောင်း။
စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မြို့နယ်ပေါင်း ၉၄ မြို့နယ်မှ ပုဂ္ဂလိကလယ်ယာ ဝန်ဆောင်မှုလုပ်ဆောင်သူ ၂၄၀၇ ဦးကို စုစည်းပြီး စက်မှုလယ်ယာဝန်ဆောင်မှု အသင်း ၁၁၅ သင်းကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ယင်းတို့ပိုင် ထွန်စက်ကြီး ၁၇၉၅ စီး နှင့် ရိတ်သိမ်းခြွေ လှေ့စက် ၄၉၉ စီးတို့ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေ ပါကြောင်း။

တန်ဖိုးကြီးမားသည့် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူသုံးစွဲလိုသူများနှင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လိုသူများအတွက် စက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ကို ပထမအရစ်ပေးသွင်းပြီး စက်ရယူကာ ကျန် ၉၀ ရာခိုင်နှုန်း ကို ၃ နှစ်အတွင်း ၆ ကြိမ်ခွဲ ပြီး ပြန်လည်ပေးသွင်းနိုင်အောင် ဌာနနှင့် ပုဂ္ဂလိက ချိတ်ဆက် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ထွန်စက်ကြီး ၃၈၁ စီး နှင့် ရိတ်သိမ်းခြွေလှေ့စက် ၆၀ စီး အပါအဝင် ၃ နှစ်တာကာလ အတွင်း ထွန်စက်ကြီး ၁၈၇၃စီး နှင့် ရိတ်သိမ်းခြွေလှေ့စက် ၁၃၃ စီး အထိ ရောင်းချ ပေးနိုင် ခဲ့ပါကြောင်း၊ ထို့အပြင် ဌာနရန်ပုံငွေအစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ယခုအထိ လက်တွန်း ထွန်စက် ၅၈၄၇ စီး၊ ထွန်စက်ကြီး ၁၁၇ စီး ရိတ်သိမ်းခြွေလှေ့စက် ၇၇ စီး ဖြန့်ဖြူးပေးနိုင်ခဲ့သည့် အတွက် ၃ နှစ်တာ ကာလအတွင်း လက်တွန်းထွန် စက် (၂၁၈၄၁) စီး၊ ထွန်စက်ကြီး (၄၉၆) စီး နှင့် ရိတ်သိမ်းခြွေလှေ့စက် (၁၄၇) စီးတို့ကို လက်ငင်းငွေချေစနစ်၊ ၂ နှစ် ၃ရစ် ဆပ် စနစ်များနှင့် ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။

တိုးတက်များပြားလာသည့်စက်များကို ပြင်ဆင်ထိန်းသိမ်းနိုင်ရန် စက်မှုလယ်ယာ စခန်း ၄၉ ခုတွင် ပြင်ဆင်ရေး အလုပ်ရုံများ အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် အတွင်း စက်ပေါင်း ၉၂၁ စီး ကို ပြင်ဆင် ပေးနိုင် ခဲ့ပါကြောင်း။

စက်မှုလယ်ယာစနစ်ကျင့်သုံးနိုင်သည့် လယ်ယာမြေအဆင့်မြှင့် တင်ခြင်းနှင့်၊ ကုန်းမြင့် လယ်ယာ ဖော်ထုတ်ခြင်း တို့ကို ယခုနှစ်အတွင်း အဆင့်မြှင့်တင်ခြင်း ၁၂၄၀ ဧကနှင့် ကုန်းမြင့် လယ်ယာ ၃၈၈ ဧက ဖော်ထုတ်ပေးခဲ့ပြီး ၃ နှစ်တာကာလအတွင်း လယ်ယာမြေ အဆင့်မြှင့် တင်ခြင်း ၁၇၀၀၆ ဧက နှင့် ကုန်းမြင့် လယ်ယာ ၃၄၂၆ ဧကကို ဖော်ထုတ် ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း။

ယခုနှစ်အတွင်း မိုးရာသီ ရေကြီးရေလျှံမှုကြောင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသကြီးများ နှင့် ကရင်ပြည်နယ်ရှိ ပျက်စီးလယ်ယာမြေများကို သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဧကလွှာ ၅၁,၀၂၀ ကို ထွန်ယက်ပေးနိုင်ခဲ့ပါကြောင်း။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ဒေသအလိုက်သင့်တော်သည့် အထွက် ကောင်းမျိုး မျိုးသစ်မွေးမြူ ထုတ်လုပ်ခြင်း သုတေသန လုပ်ငန်းတွင် စပါးသီးနှံအတွက် (၈) မျိုး၊ ပြောင်းသီးနှံအတွက် (၁) မျိုး၊ နေကြာ (၁) မျိုး၊ မြေပဲ (၁) မျိုး၊ ပဲစင်းငုံ (၁) မျိုး၊ ဂျုံ (၁) မျိုး နှင့် ကြံ (၁) မျိုး အပါအဝင် စုစုပေါင်းမျိုးသစ် (၁၄) မျိုးကို ထုတ်လုပ် နိုင်ခဲ့ပါကြောင်း၊ ယခုနှစ် အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဇလုပ်စိုက်ပျိုးရေးသုတေသန ခြံကိုလည်း ဒေသ အဆင့်မြင့်သုတေသနခြံအဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

သမဝါယမဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံး သမဝါယမအသင်းပေါင်း ၄၀၅၁၈ ဖွဲ့စည်ထားရှိပြီးဖြစ်ပါကြောင်း၊ ၃ နှစ်တာ ကာလအတွင်း အသင်းသစ် (၆၅၄) သင်းကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ မြို့နယ် ၁၁၉ မြို့နယ်တွင် လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုအဖြစ် သမဝါယမအသင်း ၅၄ သင်း အပါအဝင် မြို့နယ် သမဝါယမ အသင်းစု များက ဝန်ဆောင်မှုလုပ်ငန်း ၁၄၀ ခုကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူရေး သမဝါယမအသင်း များဖွဲ့စည်းစေပြီး မြို့နယ်အသင်း ၁၆၆ သင်းမှ မျိုးစေ့ ထုတ်ဧက ၁၂၃၁၃ အတွက်ချေးငွေ ကျပ် ၂,၆၇၃ ဒသမ ၅၈၅ သန်းကို ထုတ်ချေးနိုင်ခဲ့ပါ ကြောင်း။

လယ်ယာမြေအဆင့်မြှင့်တင်သည့် လုပ်ငန်းအတွက် မြိုနယ် ၁၆၈ မြို့နယ်မှာ လယ်ယာ မြေ စုစုပေါင်း ၈၇၀၀၂ ဒသမ ၈ ဧကအတွက် ချေးငွေကျပ်သန်းပေါင်း ၂၆,၆၂၅ ဒသမ ၀၀၁ သန်းကို ထုတ်ချေးပြီး အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ပါကြောင်း။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ယခု အချိန် ထိ အသက်မွေး ဝမ်းကျောင်းကာလတို သင်တန်း ၃၆၆ ကြိမ် အပါအဝင် ၃ နှစ်တာ ကာအတွင်း သင်တန်းပေါင်း ၁၁၄၅ ခုကို ဖွင့်လှစ် ပေးနိုင်ခဲ့သည့်အတွက် ပြည်သူ လူထုများ အနေဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် လာနိုင်ပြီး ဝင်ငွေတိုးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ခြင်းတို့ကို ဖြစ်စေခဲ့ပါကြောင်း၊ ၃ နှစ်တာ ကာလအတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်း ၆၈၈၉ ခုကို မှတ်ပုံတင် ပေးနိုင်ခဲ့ပြီး ထုတ်ကုန်များအတွင်း ဘေးဥပါဒ်ဖြစ်စေသည့် ဓာတုပစ္စည်းများ ပါဝင်မှု ရှိ/မရှိ ဓာတ်ခွဲစမ်း သပ်ပေးသည့် လုပ်ငန်းပေါင်း ၉၂၅၇ ခုကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း ကို ဆောင်ရွက် ပြီးစီးခဲ့ပြီး ယခုနှစ် ဇန်နဝါရီ (၁၀)ရက်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကို အတည်ပြုထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

စီးပွားဖြစ်မွေးမြူရေးခြံများနှင့် တစ်ပိုင်တစ်နိုင်ခြံများမှ မွေးမြူထားသော ကျွဲ/နွား အရှင်များကို ပြည်တွင်း စားသုံးမှုနှင့် လုပ်ငန်းခွင်အသုံးပြုမှု မထိခိုက်စေဘဲ တည်ဆဲဥပဒေ များနှင့်အညီ ပြည်ပ တင်ပို့ နိုင်ရေး အတွက် ကျန်းမာရေးထောက်ခံချက်များ ထုတ်ပေးကာ ဈေးကွက် ဖော်ဆောင်ခြင်းကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၅၆၂ ဒသမ ၈၅၉ သန်း ကျော် ရှာဖွေပေးနိုင်ခဲ့ပါ ကြောင်း။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတ တည်ရှိမှုနှင့် သဘာဝ အခြေအနေများကို လေ့လာရန် နော်ဝေနိုင်ငံ Dr. Fridjof Nansen သုတေသန ရေယာဉ်ဖြင့် ငါးများ၏ ဥနှင့် သားလောင်းများ ပျံ့နှံ့ တည်ရှိမှု၊ အသားတွင်း မိုက်ခရိုပလတ်စတစ် ပါဝင်မှု တို့ကို သုတေသနပြု ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုအနေနှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ မတ်လ အထိ ငါး၊ ပုဇွန် နှင့် အခြားရေ ထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၇၂၀ ဒသမ ၀၂၁ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါကြောင်း။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသ တွင် သန့်ရှင်း သည့် သောက်သုံးရေ ဖူလုံစွာရရှိရန် UNICEF နှင့် ပူးပေါင်းပြီး ကျေး လက်ရေရရှိ ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ရေးဆွဲပြီး ရေရရှိရေး လုပ်ငန်းပေါင်း ၁၀၅၁ ခုကို ကျေးရွာ ၉၈၉ ရွာတွင် ဆောင်ရွက်ခဲ့သည့်အတွက် လူဦးရေ ၇ ဒသမ ၀၈ သိန်းကို အကျိုးပြုစေ နိုင်ခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင်လည်း ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၂၂၀၉ ခုကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း။

မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ကျေးရွာ ၂၄၆၇ ရွာတွင် လူဦးရေ ၆ ဒသမ ၆၉ သိန်းအတွက် အကျိုးပြုဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက် ကုန်ထုတ်လမ်းဖောက် လုပ်ခြင်းကို ကျေးရွာ ၇၉ ရွာအတွက် အရှည် ၇၅ မိုင်ကျော်ကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ကုန်ထုတ်လမ်း ၁၇၁ လမ်း အရှည်မိုင် ၂၂၀ ကျော်ကို ဖောက်လုပ်ပေးသွား မည်ဖြစ်ပါကြောင်း။

လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၆၁ မြို့နယ်ရှိ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်း (၁၄,၇၆၉) ခုတွင် ဆောင်ရွက်နိုင်ခဲ့ပြီး လူဦးရေ ၇ ဒသမ ၁ သန်းကို အကျိုးပြုစေနိုင်ခဲ့ပါကြောင်း၊ သဘာဝ ဘေး အန္တရာယ်ကြောင့် မြို့နယ် ၂၆ မြို့နယ်မှ ပျက်စီးမှုများကို ပြင်ဆင်ရန် ငွေကျပ် ၅၅၈ ဒသမ ၆၆၁ သန်းကို ထောက်ပံ့ ပေးနိုင်ခဲ့ပါ ကြောင်း၊ မြစိမ်းရောင်စီမံကိန်းအနေဖြင့် ကျေးရွာတစ်လျှင် အရင်းမပျောက်လည်ပတ် ရံပုံငွေ ကျပ်သိန်း ၃၀၀ စီနှင့် ကျေးရွာပေါင်း ၁၀၀၀ အတွက် တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပါ ကြောင်း၊ ထို့အပြင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်းကို ကျေးရွာ ၃၁၉၈ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်းကို ကျေးရွာ ၂၉၃ ရွာတွင် အကောင်အထည်ဖော် နိုင်ခဲ့ပါကြောင်း ရှင်းလင်းပြော ကြားသည်။

တက်ရောက်လာကြသည့် သတင်းမီဒီယာများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီး ပြန် လည် မပေးဆပ်နိုင်သည့် တောင်သူအရေ အတွက်နှင့် ဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေ၊ လက်မှု လယ်ယာ စနစ်မှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းရန် နှောင့် နှေးကြန့်ကြာနေမှုများကို ဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့် တောင်သူများကို သီးနှံစျေးကွက်အခြေအနေနှင့် သီးနှံစျေးနှုန်းများကို အလွယ်တကူ သိရှိစေ ရန် ဆောင်ရွက်နေမှုအခြေအနေ စသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။