ဆည်-ရေကဏ္ဍ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သဖန်းဆိပ်ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါးရေပေးဝေခြင်းမတိုင်မီ ရေအသုံးချသူများအဖွဲ့(WUG) များ အားလုံးကို အချိန်မီပြီးစီးအောင် ဖွဲ့စည်းနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းညှိနှိုင်းဆောင်ရွက်

                      ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လွင်ထွန်း၊ အင်ဂျင်နီယာချုပ် (စက်မှု) ဦးထွန်းကျော်စိုးနှင့် တာဝန် ရှိသူများသည် ဇွန်လ ၂၇ မှ ၂၉ ရက်နေ့ထိ သဖန်းဆိပ် ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရာသီ မတိုင်မီ လက်တံမြောင်းအလိုက် ဆည် ရေသောက် ဧရိယာတစ်ခုလုံး၏ ရေအသုံးချသူများအဖွဲ့ (WUG) များ အားလုံးကို အချိန်မီ ပြီးစီးအောင် ဖွဲ့စည်းနိုင်ရေး အတွက် ဆည်ရေသောက်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

                     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ စီမံလမ်းညွှန်မှု နှင့် အညီ “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်” ဖြင့် ရေစီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမို ထိရောက် လာစေရန်အတွက် ရေအသုံးချသူများအဖွဲ့(WUG)များကို ဆည်ရေသောက် စနစ် တစ်ခုလုံး၏ လက်တံမြောင်း၊ လက်တံခွဲမြောင်း နှင့် တိုက်ရိုက်ရေပေး မြောင်းများအလိုက် တိုးချဲ့ ဖွဲ့စည်း သွားရန် နှင့် ထိုသို့ ဖွဲ့စည်းပြီးပါက တောင်သူ အချင်းချင်း ရေကြောင့်ဖြစ်ရတဲ့ ပြဿနာ နှင့် ရေလေလွင့်ဆုံးရှုံးမှုများ နည်းပါးစေမည်ဖြစ်ကြောင်း၊ ရာသီဥတုပုံစံများ ပြောင်းလဲလာ သည့် အတွက် ဆည်ရေကို စနစ်တကျစီမံခန့်ခွဲရန်နှင့် စိုက်နည်းစနစ်များ ပြောင်းလဲရန် လိုအပ်ပါ ကြောင်း ညွှန်ကြားရေးမှူးချုပ် က ပြောသည်။                        ဆည်ရေသောက်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံစဉ် တာဝန်ရှိသူများ က  ရေအသုံးချ သူများအဖွဲ့ (WUG)များ ဖွဲ့စည်း ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ၊ ဆည်ရေ ကို စနစ်တကျ သုံးစွဲခြင်း ဖြင့် စိုက်ဧကများ ပိုမိုတိုးတက်လာနိုင်မှု နှင့် ရေအသုံးချသူများ အသင်း(WUA)များ တိုးချဲ့ဖွဲ့စည်းရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ကျွန်းလှမြို့နယ် ရှိ သဖန်းဆိပ်ရေလှောင်တမံသည် နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ဧကပေ ၃၅သိန်းကျော်ရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ဧကပေ ၂၇သိန်းကျော် ရှိသည်။ ကင်းတပ်လက်ဝဲတူးမြောင်း ၊ ကင်းတပ် လက်ယာ တူးမြောင်း ၊ ရွှေဘိုမြောင်းမတော် ၊ ရေဦးမြောင်းမတော် တို့မှ ရေသောက် ဧရိယာ ဧက လေးသိန်း ကိုးသောင်း ကျော် ကိုလည်းကောင်း၊ ကင်းတပ် ရေလွှဲတမံမှ ရေသောက် ဧရိယာ ဧက တစ်သိန်း ခုနစ်သောင်း ကျော် ကို လည်းကောင်း၊ ကာဘိုးရေလွှဲဆည်မှ ရေသောက် ဧရိယာ ဧက သုံးသိန်း နှစ်သောင်း ကျော် ကိုလည်းကောင်း နှစ်စဉ် စိုက်ပျိုးရေ ပေးဝေလျက် ရှိရာ ပြောင်းလဲ သက်ရောက်လာသော ရာသီဥတုဖြစ်စဉ်များကြောင့် ကြုံတွေ့နေရသည့် ဆည်ရေအဝင် လျော့နည်း လာမှုနှင့်အတူ စိုက်ပျိုးရေ အခက်အခဲများကြုံတွေ့လာမှုကြောင့် ဒေသနေ တောင်သူများ ၏ စိုက်ပျိုး ထုတ်လုပ်မှု မထိခိုက်စေရန် ၊   ရေလေလွင့်ဆုံးရှုံးမှုများ နည်းပါးစေရန် နှင့် ရေကြောင့် တောင်သူ အချင်းချင်း အငြင်းပွားမှုပြဿနာများ မဖြစ်ပေါ်စေရန် ဆည် ရေသောက် ဧရိယာတစ်ခုလုံး၌ ရေအသုံးချ သူများ အဖွဲ့ (WUG) များ ဖွဲ့စည်းဆောင်ရွက်ရန် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ သဖန်းဆိပ် ဆည်ရေသောက် ဧရိယာ အတွင်း မိုးစပါး ရေပေးဝေခြင်း မတိုင်မီ လက်တံမြောင်း အလိုက် ဆည်ရေသောက် ဧရိယာတစ်ခုလုံး ရေအသုံးချသူများအဖွဲ့ (WUG) များ အချိန်မီ ပြီးစီးအောင် ဖွဲ့စည်းနိုင်ရေး နှင့် မိုးစပါးရေပေးဝေနိုင်ရေးကို တွန်းအားပေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သိရှိရသည်။