စိုက်ပျိုးစီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲနိုင်ရေးအတွက် လယ်သမားအဖွဲ့ အစည်းခေါင်းဆောင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့ ညနေ (၃)နာရီ ခွဲအချိန်က နေပြည်တော် ဟိုတယ်ဇုံ ရှိ ရွှေနန်းတော်ဟိုတယ် ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ် ၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် က အမှာစကားပြောကြားရာ၌ ယခု သင်တန်းရဲ့ ရည်ရွယ်ချက် ပြည့်မီစေဖို့ အတွက် သင်တန်းမှာ သင်ကြားပို့ချ ပေး တဲ့ ပုဂ္ဂိုလ်များက မိမိတို့ခေါင်းစဉ်အလိုက် ရှင်းလင်းကောင်းမွန်စွာနဲ့ သင်ကြားပို့ချ ပေးခဲ့ကြသကဲ့သို့ သင်တန်းသူ/သင်တန်းသားများကလည်း မိမိတို့ သိရှိလိုတဲ့ အချက် အလက်များကို တက်တက်ကြွကြွနဲ့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိိရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း၊
သင်တန်း(၃)ရက်တာကာလအတွင်း ပို့ချခဲ့သော သင်ခန်းစာများ မှာ ထိုင်း နိုင်ငံ၏ အတွေ့အကြုံနဲ့သင်ခန်းစာများ၊ သမဝါယမဦးစီးဌာန ၏ ဆောင်ရွက်မှုလုပ်ငန်းများ၊ အာဆီယံနိုင်ငံအသီးသီးရှိ သမဝါယမ၏ အခန်းကဏ္ဍပိုမိုပီပြင်လာ စေရေး အတွက် ချမှတ်ထားသော လမ်းပြမြေပုံ၊ ကော်ဖီ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ၊ ပန်းမန်အဖွဲ့အစည်းများ၌ ကြုံတွေ့နေရသော အခက်အခဲများနှင့် ရရှိသော သင်ခန်းစာများ၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ စသည့် နည်းကောင်းလမ်းကောင်းတွေကို မိမိတို့ လုပ်ငန်းခွင် အသီးသီး၌ ဖြစ်စေ၊ စီမံကိန်းများ၊ ရှေ့လုပ်ငန်းစဉ်များမှာ ထည့်သွင်း ဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း၊ လယ်သမား တစ်ဦးတစ်ယောက်ချင်း၏ စွမ်းဆောင်ရည် ပြည့်မီမှသာလျှင် အသင်းအဖွဲ့၏ စွမ်းဆောင်ရည် ကောင်းမွန်မှာ ဖြစ်သည့် အတွက် လယ်သမားများ၏ စွမ်းဆောင်ရည် ပြည့်ဝစေရေး အတွက် ကြိုးပမ်းအား ထုတ်ကြရန်မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လယ်သမားများ ၏ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရေးအတွက် မိမိတို့တတ်သိ ထားသော အတတ်ပညာ၊ နည်းပညာများကို လယ်သမားတွေလက်ဝယ်သို့ ရောက်ရှိစေရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသူ၊ သင်တန်းသား တစ်ဦးချင်းစီအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။
စိုက်ပျိုးစီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲနိုင်ရေးအတွက် လယ်သမားအဖွဲ့ အစည်းခေါင်းဆောင်များ၏ စွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းသို့ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးများမှ စိုက်ပျိုးပညာပေးရေးဝန်ထမ်းများနှင့် သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ သမဝါယမ အဖွဲ့ အစည်းခေါင်းဆောင်များ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကို ဇန်နဝါရီလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။