သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သီးနှံများအတွက် မြန်မာGAP စံချိန်စံညွှန်း (နောက်ဆုံးမူကြမ်း) ရေးဆွဲထားခြင်း အပေါ် ဖြည့်စွက်ညှိနှိုင်း အတည်ပြုနိုင်ရေး ဆွေးနွေးပွဲ ကျင်းပ။

          သီးနှံများအတွက် မြန်မာGAPစံချိန်စံညွှန်း(နောက်ဆုံးမူကြမ်း)ရေးဆွဲထားခြင်း အပေါ် ဖြည့်စွက်ညှိနှိုင်း အတည်ပြုနိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခွဲ က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၄၃) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် နှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ တက်ရောက်အမှာ စကား ပြောကြားသည်။

         ပြည်တွင်းစားသုံးသူများ အစားအစာ ဘေးကင်း လုံခြုံရေးနှင့် အာဟာရပြည့်ဝရေး ဦးစားပေး ဆောင်ရွက်မှု နှင့်အတူ စိုက်ပျိုးရေးထွက်ကုန်များ နိုင်ငံတကာ စျေးကွက် တင်ပို့ရာတွင် လိုအပ်သည့် စံချိန်စံညွှန်း ပြည့်မီရေး အတွက် မြန်မာGAPသည် အခြေခံဖြစ်ပြီး မြန်မာGAPစံချိန်စံညွှန်း ရေးဆွဲရာတွင် တောင်သူများနှင့်လုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက် ရမည့် အချက်များ ရိုးရှင်းစွာသိရှိစေရန်နှင့် လွယ်ကူစွာ လိုက်နာ ကျင့်သုံးနိုင်စေရန် အကောင်းဆုံး သုံးသပ် ဆောင်ရွက် ထားရှိပါကြောင်း၊ စားသုံးသူများ ကိုလည်း မြန်မာ GAP အကြောင်း သိရှိအောင် ပညာပေးသွား ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုတွင် ဘေးအန္တရာယ်ကင်းသည့် အစားအစာများ ထုတ်လုပ်ရန် လိုအပ်လာခြင်း၊ GAPထုတ်ကုန်များကို နိုင်ငံတကာမှ ဝယ်ယူ လိုမှုများ လာခြင်း တို့ကြောင့်  မြန်မာGAPစံချိန်စံညွှန်း (နောက်ဆုံးမူကြမ်း) ကို အမြန်ဆုံးအကောင်အထည် ဖော် ရေးဆွဲပြီး အတည်ပြုနိုင်ရေးနှင့် တရားဝင်ထုတ်ပြန်နိုင်ရေးအတွက် ယနေ့ ဆွေးနွေးပွဲ ကို ကျင်းပရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်  ဦးလှမြင့်အောင် က ပြောသည်။

ဆွေးနွေးပွဲတွင် ဥယျဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြား ရေးမှူး ဦးသူရစိုး က သီးနှံများအတွက် မြန်မာ GAP စံချိန်စံညွှန်း ရေးဆွဲရခြင်း အကြောင်း မိတ်ဆက် ပြောကြားပြီး တက်ရောက်လာ ကြသူများ က (နောက်ဆုံးမူကြမ်း) ရေးဆွဲထားခြင်း အပေါ် ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။

သီးနှံများစိုက်ပျိုးရန် မြေစတင်ရွေးချယ်ချိန်မှ စားသုံးသူများလက်ဝယ် ရောက်ရှိ သည်အထိ စိုက်ပျိုးထုတ်လုပ်မှု အဆင့်တိုင်းတွင် သီးနှံများ၌ ဓါတုဆေးများ၊ ညစ်ညမ်းမှုများ၊ ကူးစက်မှုများ စသည့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်သော အလေ့အကျင့် ကောင်း များ ပါဝင်သည့်  မြန်မာဂျီအေပီ (Good Agriculture PracticesGAP) စံချိန်စံညွှန်း ကို အစားအစာများအန္တရာယ် ကင်းရှင်းရေး ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သီးနှံများ၏ အရည် အသွေး ပြည့်ဝစေရေး၊ စိုက်ပျိုး လုပ်ကိုင်နေကြသည့် လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝသာယာရေးတို့ကို အခြေခံ ရေးဆွဲထားခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။