မွေးမြူကုသရေးဆိုင်ရာ

“မြေပုံမြို့နယ်အတွင်း ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ”

မြေပုံမြို့နယ်၊ ကောအုပ်စု၊ ရွာသာယာကျေးရွာတွင် ၂၄-၁-၂၀၂၀ ရက်၌ ကျွဲများသေဆုံးကြောင်း လူမှုကွန်ယက်မှတဆင့် သတင်းရရှိခဲ့သဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွာသာယာကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ကျွဲမွေးသူတောင်သူများအား ဆက်သွယ်မေးမြန်းမှုအရ မွေးမြူသူ (၁၃)ဦး၏ ကျွဲ (၁၅၆) ကောင်တွင် (၅၂) ကောင်မှာ လွန်ခဲ့သောတစ်လခန့်မှစ၍ သံသယဖြစ်ဖွယ် ကျွဲ၊နွား လည်ချောင်း ကွဲရောဂါဖြင့် သေဆုံးခဲ့သည်ဟု ခန့်မှန်းသိရှိခဲ့သည်။


သေဆုံးခဲ့သည့် ကျွဲများမှာ ၂၀၁၉ ဇွန်လခန့်ကတည်းက တောင်ပေါ်ဒေသများသို့ လွှတ်ကျောင်း ထားသော ကျွဲများဖြစ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ရွာသာယာကျေးရွာသို့ ကာကွယ်ဆေးထိုးဆောင်ရွက်စဉ် အဆိုပါကျွဲနွားများအား အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးမထိုးနိုင်ခဲ့ပဲ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။


ရွာသာယာကျေးရွာတွင် ကျွဲ(၅၂၈)ကောင်နှင့် နွား(၅၄)ကောင် စုစုပေါင်း (၅၈၂)ကောင်ရှိပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ကျွဲ (၁၇၆)ကောင်နှင့် နွား(၂၄)ကောင် ကာကွယ်ဆေးထိုးနှံ ပြီးဖြစ်ပါသည်။ နယ်မြေလုံခြုံရေးအရ သွားလာရန်ခက်ခဲသောကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသော ကျွဲ(၃၅၂)ကောင်နှင့် နွား(၃၀)ကောင်အား ဒေသခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများဖြင့် ကာကွယ်ဆေး များ ဆက်လက်ထိုးနှံလျက်ရှိပါသည်။


ရွာသာယာကျေးရွာအား ဗဟိုပြု၍ (၁၀)မိုင်ပတ်လည်တွင်ရှိသော ကျေးရွာ (၇) ရွာ (ခြုံချောင်း၊ ကျွဲကူးဆိပ်၊ တောင်ကြီး၊ ယိုးဆနွင်း၊ ဥက္ကံ၊ နတ်လှ၊ မြိုင်သာယာ) ရှိ ကျွဲ၊နွား စုစုပေါင်း (၁၇၀၀) ခန့်အား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံလျက်ရှိပါသည်။


၂၈-၁-၂၀၂၀ ရက်မှစတင်၍ ကူးစက်ရောဂါကာကွယ်ဆေးထိုးခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၉-၁-၂၀၂၀ ရက်မှ ၂-၂-၂၀၂၀ ထိ ရွာသာယာ ကျေးရွာအပါအဝင် (၁၀)မိုင်ပတ်လည်တွင်ရှိသော ကျေးရွာ (၇) ရွာရှိ ကျွဲ (၈၂၀) ကောင်နှင့် နွား (၃၀၈) ကောင် စုစုပေါင်း ကျွဲနွား (၁၁၂၈) ကောင်အား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

ကူးစက်ရောဂါကျရောက်ဖြစ်ပွားသော ကျေးရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများအား မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စီမံချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော ကျွဲနွားများအား ကူးစက်ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံသွားမည်ဖြစ်ပါသည်။