သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးသိပ္ပံ၊ ဟုမ္မလင်း(ရွှေဘိုကျောင်းခွဲ)ဖွင့်လှစ်

စိုက်ပျိုးရေးသိပ္ပံ၊ ဟုမ္မလင်း(ရွှေဘို ကျောင်းခွဲ)ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၀ရက် နေ့နံနက်()နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေး နှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးလှမြင့်အောင် နှင့် ဦးသက်ဇင်မောင် ၊ စိုက်ပျိုးရေးသိပ္ပံညွှန်ကြားရေးမှူး ဦးဖဲဆောင် ၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ဌာနဆိုင်ရာများ ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

        အခမ်းအနားတွင် စိုက်ပျိုးရေးသိပ္ပံ ဟုမ္မလင်း( ရွှေဘိုကျောင်းခွဲ ) ကျောင်းအုပ်ကြီး ဦးကိုးထင်း က စိုက်ပျိုးရေးသိပ္ပံဟုမ္မလင်းကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ၊ ရှမ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က စိုက်ပျိုးရေးသိပ္ပံ ဟုမ္မလင်း(ရွှေဘိုကျောင်းခွဲ)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စိုက်ပျိုးရေးသိပ္ပံဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။

         စိုက်ပျိုးရေးသိပ္ပံ ဟုမ္မလင်း(ရွှေဘိုကျောင်းခွဲ) အစည်း အဝေးခန်းမဆောင်၌ ဆက်လက် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ က အဖွင့်အမှာစကားပြောကြားရာ၌  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးသိပ္ပံကျောင်းသစ် ဖွင့်လှစ်ပေးခြင်းဖြင့် စိုက်ပျိုးရေး နှင့်ပတ်သက်သော အသိပညာများ တိုးတက်ရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး အတွက် အခွင့်အခါကောင်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းဆင်း ကျောင်းသား၊ကျောင်းသူများအား ဂျပန်နိုင်ငံနှင့် ချိတ်ဆက်၍ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် ဂျပန်နိုင်ငံတွင် စိုက်ပျိုးရေး       ဘာသာရပ်များ ဆက်လက်သင်ကြားခွင့်ရရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင် က စိုက်ပျိုးရေးသိပ္ပံ ဟုမ္မလင်း(ရွှေဘိုကျောင်းခွဲ) ဖွင့်လှစ်ပေးခြင်းအတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင် ရှိပါကြောင်း နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း၏ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း  ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

       ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာ စကားပြောကြားရာတွင် စိုက်ပျိုးရေးသိပ္ပံ ဟုမ္မလင်း(ရွှေဘိုကျောင်းခွဲ)အား အထက်ချင်းတွင်း ဒေသ၊ ဟုမ္မလင်းဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝေးလံခေါင်ဖျားဒေသများမှ ရှမ်း၊ ချင်း၊ ဗမာ၊ နာဂ လူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးများအနေဖြင့် စိုက်ပျိုးရေးပညာရပ် များအား ဆည်းပူးလေ့လာနိုင်ရေး ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးပညာရပ်များ အပြင် ဒေသနှင့်ကိုက်ညီမည့် မွေးမြူရေးဘာသာရပ်များကိုလည်း သင်ကြားပို့ချရန် ဆောင်ရွက် ထားပါကြောင်း၊ ဒေသအတွင်းရှိ  သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုဘာသာရပ်များအပြင် သီးနှံ အရည်အသွေးကောင်းမွန်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော အစားအစာများစိုက်ပျိုးထုတ် လုပ်နိုင်ရေးနည်းပညာများအား သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးသိပ္ပံကျောင်းများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်သည့်အတွက် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး အတွက် သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

       အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စိုက်ပျိုးရေးသိပ္ပံဖွင့်ပွဲ အထိမ်းအမှတ်အလံများကို တိုင်းဒေသကြီးဝန်ကြီးများအား အမှတ်တရ ပေးအပ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့်စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဖဲဆောင် က ကျေးဇူးတင်စကားပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင်  စိုက်ပျိုးရေး သိပ္ပံ ဟုမ္မလင်း(ရွှေဘိုကျောင်းခွဲ) ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြရာ တက်ရောက်လာသော ဧည့်သည်တော်များက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။