ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးခွင့် တင်ပြလာခြင်းအား အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှုကို ထိခိုက်မှုမရှိလျှင် စိစစ်ပြီး ဥပဒေနှင့်အညီ ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း၊ လက်ရှိဆန်စပါးစိုက်ပျိုးသော ဧရိယာနှင့်အထွက်နှုန်း အခြေအနေအရ ပြည်တွင်းစားသုံးဖူလုံမှုအပြင် ၄၀% ပိုလျှံမှု ရှိနေသော်လည်း ရေရှည်တွင် တိုးပွားလာမည့် လူဦးရေနှင့် ပြည်ပဝင်ငွေတိုးတက်ရရှိရေး အတွက်ကိုလည်းမျှော်မှန်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ဒီဇင်ဘာလ ၃၀ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၆)ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြပြီး အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က တိုင်းဒေသကြီး/ပြည်နယ်အလိုက် နိုင်ငံတော် စီမံကိန်းများတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေး ပေးချေရန် ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များမှ စိစစ်ထောက်ခံတင်ပြပေးပို့လာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လုပ်ငန်း စာတွဲများနှင့် ပတ်သက်၍လည်းကောင်း အသေးစိတ် ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်‌ရောက်လာကြသူများ က ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဆွေးနွေးပြောကြားရာ၌ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက်ရေး ကိစ္စရပ်များအတွက် ကြန့်ကြာမှုမရှိစေဘဲ အထောက်အကူပြု ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအား မှန်ကန်မြန်ဆန်စွာ စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်လာမှု နှင့်အတူ  လျော့နည်းဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် အစားထိုးဖော်ထုတ်နိုင်ရေး အတွက် မြေလွတ် မြေလပ် နှင့် မြေရိုင်းများ မှ စိုက်ပျိုးမှုတည်ငြိမ်မှုရှိလာသောမြေများကို လယ်ယာ အဖြစ်ပြောင်းလဲခြင်း အပါအဝင် နည်းပေါင်းစုံဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုနှစ်ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ ကြောင့် ရေလှောင်တမံများအတွင်း ရေဝင် ရောက်မှု လျော့နည်းလာမှုနှင့် အတူ လယ်ယာမြေများ အတွင်း လုံလောက်သည့်စိုက်ပျိုးရေ ပေးဝေနိုင်မှု လိုအပ်ချက် အခက်အခဲ အ‌ပေါ် တောင်သူများ အနေဖြင့် ရေလိုအပ်မှုနည်းပါးသည့် တွက်ခြေ ကိုက်ပြီး စျေးကွက်ဝင်မည့် သီးနှံများကို လယ်မြေအပေါ်တွင် ယာယီ အားဖြင့် ပြောင်းလဲစိုက်ပျိုးနိုင်မည်ဖြစ်သော်လည်း အမြဲပြောင်းလဲ စိုက်ပျိုးလိုပါကလည်း လယ်ယာမြေဥပဒေ ပုဒ်မ ၂၈ ပါ ပြဌာန်းချက်အတိုင်း သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးခွင့် ဆိုင်ရာ ပြဌာန်းချက်အတိုင်း  လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊

ယခုအစည်းအဝေးတွင် တင်ပြမည့် နိုင်ငံနှင့်တစ်ဝန်း တောင်သူလယ်သမားများအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၏ လယ်ယာမြေကိုအခြားနည်းအသုံးပြုခွင့် တင်ပြလာမှုကိစ္စရပ်များအ‌ပေါ် နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအားကိုလည်း တစ်ဖက်တစ်လမ်းမှ မထိခိုက်စေရေးကို သတိပြုပြီး နိုင်ငံတော်၏ အကျိုး၊ ပြည်သူလူထု၏ အကျိုးကို ရှေးရှု၍ အနည်းဆုံးလိုအပ်သည့် ပမာဏကို ခွင့်ပြုပေးနိုင်ရေး၊ နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေ များအတွက် နစ်နာကြေး၊ လျော်ကြေး အချိန်မီပေးချေရန် ကိစ္စရပ်များအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင် အားလုံးတို့က တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျောက်ထားလာသော လုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိနိုင်မှု၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေ၊ အလုပ်သမားများရရှိနိုင်မှု၊ မြို့ရွာနှင့် ထိစပ်နိုင်မှု၊ သုံးစွဲရေရရှိနိုင်မှု စသည့် အချက်များအပေါ် အခြေခံကာ ဖြစ်မြောက်နိုင်မှုအခြေအနေအပေါ်မူတည်၍ စိစစ်ခွင့်ပြု ပေးလျက်ရှိသည့်နည်းတူ နိုင်ငံ၏ ထုတ်ကုန်စွမ်းအား တိုးတက်ရေး အ‌ခြေခံအဆောက်အဦများ ဖြစ်သည့် စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး လုပ်ငန်းများအတွက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်တင်ပြတောင်းခံလာမှုများအပေါ် နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေး အမျိုးသားအကျိုးစီးပွားနှင့် သက်ဆိုင်သည့် လယ်ယာမြေ မလျော့ပါးရေးကို အလေးထား စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။