အရည်အသွေးပြည့်မီပြီး ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ထုတ်လုပ်မှု အဆင့်တိုင်း၌ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများ နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒီဇင်ဘာလ ၃၀ရက်နေ့ နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ်ဦးစီးမှူးရုံး၌ ဂန့်ဂေါခရိုင် နှင့် မြို့နယ်ဦးစီးမှူးရုံး စိုက်ပျိုးရေးဝန်ထမ်းများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် က ဆွေးနွေးပြောကြားသည်။
ညွှန်ကြားရေးမှူး က အမှာစကားပြောကြားရာတွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာများတွင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များအား စံပြကျေးရွာ ဆောင်ရွက်ရသည့် ရည်မှန်းချက်များနှင့်အညီ ပေါက်ရောက် အောင်မြင်အောင် ဝန်ထမ်းတိုင်းက ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့တာဝန်ကျကျေးရွာများ ၌ မြို့နယ်အဆင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတွင် ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းစဉ်များ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ တောင်သူများအတွက် မျိုးစေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တောင်သူများကိုယ်တိုင် ပါဝင်သည့် မျိုးစေ့ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာစေရေး နှင့် စပါးသီးနှံသာမက အခြားသီးနှံများတွင်လည်း မျိုးစေ့ထုတ်လုပ်ငန်းများ ပေါ်ပေါက်လာရန် စည်းရုံး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ Farmer Field School များ ဆောင်ရွက်နိုင်ရေး ၊ စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ(GAP)လိုက်နာကျင့်သုံးမှု တိုးပွားလာစေရေး ပညာပေး စည်းရုံးရန် နှင့် GAP အသိအမှတ်ပြုလက်မှတ်ကို online မှ လျှောက်ထားနိုင်ရေး ကြိုတင် စီမံဆောင်ရွက်ထားကြရန် တို့ကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲသို့ ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့် နှင့် ဂန့်ဂေါမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ် တို့က ဂန့်ဂေါခရိုင်နှင့် ဂန့်ဂေါမြို့နယ်အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေး နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များအား တင်ပြကြရာ ညွှန်ကြားရေးမှူး က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။