ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ငါးသယံဇာတ ရေရှည်တည်တံ့ တိုးတက်စေရေး အသိပညာ ပေးခြင်း နှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ

          နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများတိုးပွားလာရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်များ တွင် ငါးမျိုးများ ရေရှည် စဉ်ဆက်မပြတ် တည်တံ့ရှိနေစေရေး၊ ဒေသခံပြည်သူများ ငါးစားသုံးမှု ပိုမိုတိုးမြင့်လာစေရေးနှင့် ငါးမွေးမြူထုတ်လုပ်မှု တိုးတက်လာစေရေးကို မျှော်မှန်း၍  ငါးလုပ်ငန်းဦးစီးဌာနက ကျင်းပပြုလုပ်သည့် ငါးသယံဇာတ ရေရှည်တည်တံ့ တိုးတက်စေရေး အသိပညာပေးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် ရေဆင်းဆည်၌ ပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာ ရေးရာကော်မတီများ မှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ငါးလုပ်ငန်းရှင် များ၊ ရေဆင်းတက္ကသိုလ်များနယ်မြေမှ  ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာတွင် သဘာဝ ရေချို ရေပြင်များတွင် ရှင်သန်တည်ရှိနေသည့် ငါးသယံဇာတများသည် အလွန်အကျွံငါးဖမ်းဆီးမှု၊ သဘာဝအလျောက်သေဆုံးမှု၊ ရေထု ညစ်ညမ်းလာမှု၊ ရောဂါကျရောက်မှု၊ အချင်းချင်း သတ်ဖြတ်စားသောက်မှု၊ ရာသီဥတု ဖောက်ပြန်မှု စသည်တို့ကြောင့် ငါးအရေအတွက် များစွာ လျော့ပါးလာလျက်ရှိရာ ငါးသယံဇာတများ ပြန်လည်ဖြစ်တည်လာစေရန်အတွက် သဘာဝငါးနေငါးထိုင် ပတ်ဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ငါးသားပေါက် များကို အစီအမံကောင်းများဖြင့် စနစ်တကျ လွှတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ သဘာဝသယံဇာတများ လျော့ပါးမှု မဖြစ်စေရေး၊ ပြုန်းတီးမှု နှင့် ပြန်လည် တည်ရှိပွားများမှုတို့ကို ဟန်ချက်ညီစေရေးတို့အတွက် ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေနေသယံဇာတ အမယ်စုံကို သဘာဝရေပြင် မှ ထုတ်နှုတ်စားသုံးမှုနှင့်အတူ ပြန်လည် ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြင့် သဘာဝသယံဇာတများ လျော့ပါးမှုမရှိစေရေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ငါးမျိုးစိုက်ထည့် ခြင်းဖြင့် ငါးမျိုးစိတ်တစ်မျိုး၏ ဖမ်းဆီးရမိမှုနှင့် ဖမ်းဆီးရရှိမှုနှုန်းတိုးမြင့်လာခြင်း၊ ငါးဖမ်းဆီးနိုင်သည့် အခွင့်အလမ်းများ တိုးတက် ကောင်းမွန်လာခြင်း၊ ဖမ်းဆီးမှုကြောင့် ကုန်ဆုံးသွားသော ငါးသယံဇာတအရင်း အမြစ်များ ပြန်လည်ဖြစ်တည်လာခြင်း စသည့် ငါးမျိုး စိုက်ထည့်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အခမ်းအနားတက်ရောက်လာကြသူများက ရေဆင်းဆည်အတွင်းသို့ ငါးမြစ်ချင်း၊ ငါးပြေမ၊ ငါးဖမ်းမ၊ ငါးခုံးမကြီး နှင့် ဆူလတန် စသည့် ငါးမျိုးကောင်ရေစုစုပေါင်း (၅)သိန်း ငါးမျိုးစိုက်ထည့်ကြ ပြီးနောက် ခင်းကျင်း ပြသထားသည့် ငါးလုပ်ငန်းဆိုင်ရာ အသိပညာပေးပိုစတာများ၊ ငါးဖမ်းကိရိယာများနှင့် ငါးသားဖောက် သရုပ်ပြခြင်းများကို လှည့်လှည်ကြည့်ရှုအားပေးကြသည်။

မြန်မာနိုင်ငံ၌ ရေချိုငါးသယံဇာတများ ရှင်သန်တည်ရှိပွားများရန် သဘာဝ ရေပြင် (မြစ်၊ ချောင်း၊ အင်း၊ အိုင်)တွင် ဧက ၂၀.၅၀ သန်း၊ ရေဝပ်ဧရိယာ ဧက ၁၅ သန်း ၊ ဆည်/ရေလှောင်ကန် ဧက ၄ ဒဿမ ၅ သန်း ၊ စပါးစိုက်ဧက ၁၃ ဒဿမ ၃၈ သန်း ၊ စုစုပေါင်း ဧက ၅၃ ဒဿမ ၃၈သန်း ရှိသည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ငါးသယံဇာတကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေ ရန်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန် ၊ စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရန် ၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေပြီး နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန် တို့အတွက် ငါးလုပ်ငန်းဆိုင်ရာ ပြဌာန်းဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး၊ သဘာဝဘေးကြောင့် ငါး အမြောက်အမြား သေဆုံး ပြီးနောက် ငါးသယံဇာတများ ပြန်လည်ဖြစ်တည်လာစေရန်၊ ငါးများ မျိုးပွားသားပေါက်သည့် နေရာများ ဆုံးရှုံးခြင်း၊ လျော့ပါးခြင်း တို့ကို အစားထိုး နိုင်ရန် ၊ အချို့သော ငါးမျိုးစိတ်များ နေရာတွင် အခြားငါးမျိုးစိတ်များကို ပြောင်း၍ ဖမ်းဆီး ထုတ်လုပ်နိုင်စေရန် ၊ ငါးဖမ်းဆီးမှု တိုးတက်ကောင်းမွန်စေသော ဖွဲ့စည်းတည်ဆောက်မှု ဖြင့် ငါးများ သားပေါက်ရန် နေရာများ ဖန်တီးပေးနိုင်ရန် ၊ အရေးတကြီး မျိုးသုဉ်းမည့် ဘေးအန္တရာယ်ရှိသော ငါးမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းနှင့် ပြန်လည် ဖြစ်တည် လာရန် သားဖောက်ထည့်သွင်းပေး နိုင်စေရေးတို့အတွက်နှစ်စဉ် ငါးသားပေါက် စိုက်ထည့်ခြင်းကိုဆောင်ရွက်ပေးခြင်းဖြစ်သည်။

နေပြည်တော် ရေဆင်းဆည်အတွင်း နှစ်စဉ် ငါးသားပေါက်များ မျိုးစိုက်ထည့်ခြင်း ကို ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လအထိ စုစုပေါင်း ၁၂၀.၈၀ သိန်း ကို စိုက်ထည့်နိုင်ခဲ့ပြီး ယနေ့ အခမ်းအနားတွင်လည်း ငါးသားပေါက်ကောင် ရေ (၅ သိန်း) ကို မျိုးစိုက်ထည့်ခဲ့ကာ ငါးသယံဇာတ ရေရှည်တည်တံ့ တိုးတက်စေရေး အသိပညာပေးခြင်းပြခန်းများကို သြဂုတ် လ ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ ၂ရက်ကြာခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။