သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ တွင် ကျား/မတန်းတူ ပါဝင် ဆောင်ရွက်လာနိုင် စေရေး သင်တန်းဖွင့်

ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အထောက်အပံ့ ဖြင့် ဆောင်ရွက်သည့် အာဆီယံနိုင်ငံများရှိ လယ်ယာကဏ္ဍ စွမ်းဆောင်ရည်မြှင့်တင်ရေး စီမံကိန်းအဆင့်(၃) အစီအစဉ်အရ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ကျား/မ တန်းတူ ပါဝင်ဆောင်ရွက်လာနိုင်စေရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် Aureum Palace Hotel ၌ ကျင်းပပြုလုပ်ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် တက်ရောက်အဖွင့်အမှာစကား ပြောကြား သည်။

      ဒုတိယညွှန်ကြားရေးမှူးချုပ် က မြန်မာနိုင်ငံ သာမက ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုး သမီးထုသည် မိမိတို့၏ လူမှုအဖွဲ့အစည်းများတွင် လယ်သမားများ၊ အလုပ်သမားများနှင့် လုပ်ငန်းရှင်များ စသည့် အရေးကြီး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက် ကြ သော်လည်း ၄င်းတို့ ၏ လုပ်ဆောင်ချက်များအား စီးပွားရေးအရ အရေးပါသည်ဟု အသိအမှတ်ပြုခြင်း မရှိကြ ပါကြောင်း၊ မိသားစုတစ်ခု၏ စားသောက်မှုပုံစံ စီမံခန့်ခွဲရာတွင် အာဟာရပြည့်ဝစွာ စီမံခန့် ခွဲနိုင်သကဲ့သို့ အာဟာရချို့တဲ့ခြင်းပြဿနာများ ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ မိသားစုဝင်များ၏ အာဟာရပြည့်ဝစေရေး စားသောက်မှုပုံစံ စီမံခန့်ခွဲခြင်းဆိုင်ရာများတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်မည့် သင်တန်းအစီအစဉ်များ ကျင်းပပြုလုပ်ရန် လိုအပ် လျက်ရှိကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝစေရေး သာမက နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျား/မတန်းတူအခွင့်အရေး ရရှိကြရန် အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ်ဖြစ်သူ Ms. Sri Retnani ၊ ဂျပန်နိုင်ငံ JA-Zenchu ကိုယ်စားလှယ်ဖြစ်သူ Mr. Chikara Sato တို့က သင်တန်း ကျင်းပရခြင်းနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။

အခမ်းအနားသို့ စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာကြည် နှင့် ညွှန်ကြားရေးမှူးများ ၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး ကိုယ်စားလှယ်ဖြစ်သူ Ms. Sri Retnani ၊ ဂျပန်နိုင်ငံ JA-Zenchu  ကိုယ်စားလှယ်ဖြစ်သူ Mr. Chikara Sato နှင့် ဂျပန်ကျွမ်းကျင်ပညာရှင် Ms. Kawi Yuki ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် သင်တန်းသား သင်တန်းသူများ စုံညီစွာ တက်ရောက်ကြသည်။

သင်တန်းတွင် အာဆီယံနိုင်ငံရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့်သစ်တောကဏ္ဍတို့တွင် ကျား/မတန်းတူအခွင့်အရေး ရရှိစေရန်နည်းလမ်းများ၊ ဂျပန်နိုင်ငံရှိ အမျိုးသမီးခေါင်းဆောင် များ၏ လက်တွေ့ကျင့်သုံးနေသော နည်းလမ်းများ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ကျား/မတန်းတူ အခွင့်အရေး ရရှိစေရေးတို့အတွက် ဆောင်ရွက် ရန် လိုအပ်သည့်အချက်များ၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် သင်တန်းမှ ရရှိခဲ့ သော အတွေ့အကြုံများ စသည်တို့ကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းများ၊ အစီအစဉ်များ ရေးဆွဲရာတွင် ပါဝင်ဆောင်ရွက်နေကြသည့် အရာထမ်းများ၊ တောင်သူလယ်သမား အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များ စုစုပေါင်း သင်တန်းသား(၃၀)ဦး ပါဝင် တက်ရောက်ကြ သည်။

အဆိုပါ သင်တန်းကို ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံများရှိ စိုက်ပျိုးရေးကဏ္ဍတွင် ကျား/မတန်းတူ ပါဝင် ဆောင်ရွက်လာစေရေးဆိုင်ရာ သင်တန်း၏ နောက်ဆက်တွဲသင်တန်းဖြစ်သည်။ အဆိုပါ သင်တန်းကို Aureum Palace Hotel တွင် စက်တင်ဘာ (၃)ရက်မှ (၅)ရက်နေ့အထိ (၃) ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။