ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၂ ကြိမ်မြောက်အစည်းအဝေးကျင်းပ

တည်ဆဲ လယ်ယာမြေဆိုင်ရာဥပဒေများနှင့်အညီ တောင်သူလယ်သမားတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့်များ အပြည့်အဝရရှိစေရေး ၊ မြေယာများ အသုံးပြုရာတွင် ရေးဆွဲ ချမှတ် ထားသည့် စီမံကိန်းရည်မှန်းချက်ပါ အတိုင်း စနစ်တကျ ဖော်ထုတ် အသုံးချဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ၏ လိုအပ်ချက်များကို လွှတ်တော်အသီးသီး၌ ပြင်ဆင် ရေးဆွဲလျက်ရှိရာ ပြင်ဆင်သည့်ဥပဒေ မပြဌာန်းနိုင်သေးမီကာလအတွင်း တည်ဆဲ လယ်ယာမြေဥပဒေပါ ပြဌာန်းချက်များအတိုင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေနှင့်ညီညွတ်သည့် ညွှန်ကြားချက်များထုတ်ပြန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့မှသာ တည်ဆဲ ဥပဒေနှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာဆောင်ရွက်နိုင်ကြမည်ဖြစ်သကဲ့သို့ တဘက်တွင်လည်း ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များ ပြည့်ဝစွာ ခံစားနိုင်ကြမည်ဖြစ်ကြောင်း   ဇူလိုင်လ ၃ ရက် မွန်းလွဲ ၁ နာရီ အချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၂ ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

ဗဟိုလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၂ ကြိမ်မြောက် အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယ ဥက္ကဌ ဒုတိယ ဝန်ကြီး ဦးလှကျော် နှင့် အဖွဲ့ဝင်များစုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေး တွင် အတွင်းရေးမှူး ဦးသက်နိုင်ဦး က လယ်ယာမြေ အခြားနည်း ခွင့်ပြုမိန့်ရရှိပြီးသော ကိစ္စ အပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အစည်းအဝေး က ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များအား ဖတ်ကြား တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများ က ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြသည်။

ယနေ့အစည်းအဝေးကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၂ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၌ ပါဝင်ခဲ့သည့် လယ်မြေ ယာမြေများအတွက် နစ်နာကြေး လျော်ကြေး နှင့် သီးနှံလျော်ကြေး ဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက စိစစ် ထောက်ခံပေးပို့လာသည့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လုပ်ငန်းများ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိသူများ၏ ဖော်ထုတ် စိုက်ပျိုးမှုကြောင့် စိုက်ပျိုးမှုတည်ငြိမ်နေသော မြေများအား လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ အရ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပေးခြင်းလုပ်ငန်းများ၊ လယ်ယာမြေဥပဒေ ပုဒ်မ ၂၈(က) အရ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုး ခွင့်ပြုရန်လုပ်ငန်းများ၊ အထွေထွေ ကိစ္စရပ်များ အား ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရ သည်။