သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဇမ္ဗူသီရိမြို့နယ် တွင် မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား ထောက်ပံ့

ပြည်ထောင်စုနယ်မြေနေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများအား CERP အရ စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းက တဲကြီးကုန်းကျေးရွာ စိုက်ပျိုးနည်းပညာပြန့်ပွားရေးစင်တာ ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူး နှင့် ခရိုင် ၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ က CERP အရ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများကိုပေးအပ်ကြရာ အကျိုးဆောင်တောင်သူများက လက်ခံရယူ ခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ် တွင် အကျိုးဆောင်တောင်သူ(၁၁)ဦးတို့က မိုးစပါးမျိုးစေ့ထုတ် ဧက(၅၀) စိုက်ပျိုးခဲ့ကြပြီး ယနေ့အထိ မိုးစပါးစိုက်ဧကစုစုပေါင်း (၉၇၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရ သည်။

လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု လျော့နည်းထိခိုက်မှုမရှိစေရေး အတွက် “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်” (CERP)အရ ထောက်ပံ့ပေးနေမှုများ ဆောင်ရွက်ပေးနေ သကဲ့သို့ သက်ရောက်လာလျက်ရှိသည့် ရာသီဥတုနှင့်လိုက်လျောညီထွေသည့် စိုက်ပျိုးနည်း စနစ်များ ၊ သီးနှံပုံစံများ၊ မျိုးများကို တောင်သူများ ပြောင်းလဲလုပ်ကိုင်နိုင်ကြစေရန် စိုက်ပျိုးရေး ဦးစီးဌာန က တိုင်းဒေသကြီး ပြည်နယ်များအလိုက် စီမံ စည်းရုံး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် က ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ Covid-19 ၏ အကျိုးဆက် သက်ရောက်မှုများကို အခြားသူများနှင့်အတူ ခံစားကြရ သကဲ့သို့ စိုက်ပျိုးရေ လိုအပ်ချက်အပါအဝင် ရာသီဥတု ပြောင်းလဲသက်ရောက်မှုဒဏ်ကိုပါ ရင်ဆိုင်နေကြရမှုအပေါ် ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှား နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းလျက် ရှိရာ မျိုးကောင်မျိုးသန့် ဖူလုံစွာသုံးစွဲနိုင်ရေး အတွက် တစ်နိုင်ငံလုံးတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက တစ်သိန်း အကောင် အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းလုပ်ငန်းအတွက် လိုအပ်သည့် မျိုးစေ့ဖိုး အပင်ပြုစုလုပ်အားခ ၊ မျိုးကွဲနုတ်ပယ် ၊ မျိုးစေ့သန့်စင်လုပ်အားခ စသည့် စရိတ်များ တွင် အသုံးပြု နိုင်ရန် တစ်ဧကလျင် ပျမ်းမျှ တစ်သိန်းခွဲခန့် ကို နိုင်ငံတော်က “Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်” CERP ဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၊ အထွက်ကောင်း စပါး မျိုးစေ့ထုတ် လုပ်ငန်းအတွက် တစ်ဧကလျင် ၁၄၈၅၀၀ ကျပ်နှုန်း၊ အရည်အသွေးကောင်း စပါး မျိုးစေ့ထုတ် လုပ်ငန်းအတွက် တစ်ဧကလျင် ၁၅၀၅၀၀ ကျပ်နှုန်းဖြင့် တစ်နိုင်ငံလုံး အတွက် ကျပ်သန်းပေါင်း ၁၄၉၁၁.၃၃  အသုံးပြု ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။