စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မိုးစပါးစိုက်ကွင်းများ၌ နိုဝင်ဘာလ၂ရက်နေ့ည ၆နာရီမှ ည ၈နာရီထိ မီးထောင်ချောက်များ ထွန်းညှိ သွားမည်ဖြစ်ကြောင်းသိရသည်။
ဝက်လက်မြို့နယ် စိုက်ပျိုးရေးအသိပညာပေးစင်တာများရှိရာ နယ်မြေများ ဖြစ်သည့် ရွှေပန်းကုံး ၊ ရွာသာကြီး၊ လှတော၊ စိုင်နိုင်၊ မုဆိုးခြုံ၊ မြို့မ စသည့် ကျေးရွာများ ရှိ မိုးစပါးစိုက်ခင်းများအားလုံးတွင် ယနေ့ညနေ ၆နာရီမှ ည ၈နာရီထိ
မီးထောင်ချောက်ထွန်းညှိ မှာဖြစ်သည့်အတွက် ဒေသခံတောင်သူများလုံး ပူးပေါင်း ပါဝင်ကြပါရန်နှိုးဆော်ထားကြောင်း၊ အဆိုပါ နည်းစနစ်သည် နှစ်ပေါင်းများစွာ သုံးစွဲခဲ့သော်လည်း လက်တွေ့ အသုံးဝင်သော Organic Manual Control စနစ်အနေဖြင့် လက်မလွှတ်နိုင်သော နည်းပညာတစ်ရပ်အဖြစ် ဆောင်ရွက် နေရဆဲဖြစ်ကြောင်း၊
ကုန်ကျစရိတ်နည်းပါးသကဲ့သို့ လုပ်အားသက်သာပြီး ဖျက်ပိုးပေါက်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ကြောင်း၊ မိတ်ဆွေပိုးအချို့ပါ ထောင်ချောက်အတွင်း ကျရောက်နိုင်သော်လည်း တောင်သူများ တချိန်တည်း တပြိုင်တည်း လုပ်ဆောင် ပါက ဖျက်ပိုးအန္တရာယ်ကို ထိရောက်စွာဟန့်တားနိုင်မည်ဖြစ်သည့်အတွက် တောင်သူများ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြရန် နှိုးဆော်ထားပြီးဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။