ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ၏ ( ၃၁) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

နိုင်ငံ၏ အဓိက စားသုံးသီးနှံများ နှင့် ပြည်ပပို့ကုန် သီးနှံများ အထွက်နှုန်း တိုးတက် စေရေး အထောက်အကူပြုသော သွင်းအားစု တစ်ခုဖြစ်သည့် ပိုးသတ်ဆေးများ သုံးစွဲရာတွင် အရည်အသွေး စစ်မှန် သော ပိုးသတ်ဆေးများကို ထိရောက်စွာအသုံး ပြုနိုင်ရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့အနေဖြင့် စိစစ်ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ သတ်မှတ်ထားသော ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်စွာ လိုက်နာ ဆောင်ရွက်ရေးကိုလည်း သက်ဆိုင်ရာ ဌာနများ ပူးပေါင်းပါဝင်သည့် မြေပြင်ကွင်းဆင်း စစ်ဆေးရေး အဖွဲ့များက  စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လတ်တလော လူမှုကွန်ယက် စာမျက်နှာများတွင် စိုးရိမ်စွာ ဖော်ပြနေကြသည့် ကန္တာရကျိုင်း ကိစ္စနှင့် ပတ်သက်၍ သီးနှံကာကွယ်ရေးဌာနမှ  ပညာရှင် များက စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီး နှင့် ဟုမ္မလင်းဒေသများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကန္တာရကျိုင်း အမျိုးအစား မဟုတ်ပါကြောင်း၊ ဒေသတွင် နဂိုရှိပြီး အမျိုးအစားများဖြစ်ပြီး ဖျက်ဆီးမှု မရှိပါကြောင်း၊ ကောလင်း၊ ဝန်းသိုနှင့် ရခိုင်ပြည်နယ် သံတွဲမြို့တို့တွင် တွေ့ရသော နှံကောင် အမျိုးအစားများ မှာလည်း နိုင်ငံအတွင်း မူလရှိပြီးဖြစ်သော ကော်ဖီနှံကောင် (Coffee Locust)ဖြစ်ကြောင်း အကောင်နမူနာ အရှင်များကို စစ်ဆေးမျိုးခွဲ၍ တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးပညာပေး ဝန်ထမ်းများ ကို လည်း ကန္တာရကျိုင်း(နှံကောင်)နှင့် ပတ်သက်၍ အထူး သတိထား စောင့်ကြည့်ခြင်း၊ ခွဲခြားသိမြင်နိုင်ရေးအတွက်  ခွဲခြားနည်းများအား ရှင်းလင်းအသိ ပေးထားပြီး ဖြစ်ကာ နှိုးဆော်ချက်များကိုလည်း ထုတ်ပြန် ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး  ၌ ကျင်းပပြုလုပ်သည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၁) ကြိမ်မြောက် အစည်းအဝေး တွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့  ဥက္ကဌ   ဒုတိယဝန်ကြီး ဦးလှကျော် က ဆွေးနွေးပြောကြားသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ သည် ပိုးသတ်ဆေးသုံးစွဲသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊ စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ပိုးသတ်ဆေး ၏ အကျိုးအာနိသင် ထိရောက်မှုရှိစေရန် တို့ကို ရည်ရွယ်၍ ပိုးသတ်ဆေး မှတ်ပုံတင်ခြင်း လုပ်ငန်းများ၊ ပိုးသတ်မှိုင်းတိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည်ထုပ်ပိုးခွင့်လိုင်စင် ခွင့်ပြုခြင်းများကို ပိုးသတ်ဆေး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ အလားတူ ပိုးသတ်ဆေးအရည်အသွေး စစ်ဆေးခြင်း ကို ထိရောက် စွာ ဆောင်ရွက်နိုင်ရန် ပိုးသတ်ဆေးဓာတ်ခွဲခန်းများ တိုးချဲ့ခြင်း၊ ခေတ်မီ စက်ကိရိယာများ ဖြည့်ဆည်းပေးခြင်း လုပ်ငန်းများအပြင် ပိုးသတ်ဆေး စနစ်တကျ သုံးစွဲရေးအတွက် ပညာပေး ခြင်းလုပ်ငန်းများ နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများအရ ထိန်းချုပ်သော လုပ်ငန်းများကိုလည်း  ဆောင်ရွက်လျက်ရှိသည်။

(၃၀) ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးပြီးဆုံးသည့် ကာလ အထိ ပိုးသတ်ဆေး စုစုပေါင်း(၃၆၇၄) မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ယနေ့ကျင်းပ ပြုလုပ်သည့် (၃၁)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့ အစည်းအဝေး တွင် ပိုးသတ်ဆေး မှတ်ပုံတင် နည်းပညာကော်မတီ က စိစစ်ထောက်ခံ တင်ပြ လာသည့် ပိုးသတ်ဆေး အမျိုးပေါင်း (၃၉၅) မျိုး မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း၊ သက်တမ်းတိုး မှတ်ပုံတင်ခွင့်ပြုထားသည့် ပိုးသတ်ဆေး (၁၉၇) မျိုး၊ ၆ လအထက် မှတ်ပုံတင်နှင့် လိုင်စင် သက်တမ်းလွန်သော ဖျက်သိမ်းပိုးသတ်ဆေး များနှင့် ကုမ္ပဏီများမှ တင်ပြလာသည့် ပယ်ဖျက်ရမည့် ပိုးသတ်ဆေးများ စုစုပေါင်း (၁၀၁)မျိုး ရှိကြောင်း သတင်းရရှိသည်။