ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ်အဖြစ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ်လွှဲပြောင်းပေးအပ်

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ်အဖြစ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ က ရန်ကုန်တက္ကသိုလ် ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း နှင့် အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း နှင့် အလှူရှင်များကိုယ်စား ဒေါက်တာဇော်ဝင်း ၊ ဦးစိုင်းမျိုးဝင်း တို့ က ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမျိုးသားလွှတ်တော် ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် အလှူရှင်များ က အထိမ်းအမှတ်ကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာရည် ပက်ဖျန်း ပေးကြသည်။

ယနေ့ဖွင့်လှစ်ခဲ့သည့် ကံ့ကော်တောတွင် ကံ့ကော်ပင် (၂၂၄)ပင်၊ ကံ့ကော်ဥယျာဉ်တွင် ကံ့ကော်ပင်(၇၅)ပင်၊ ကံ့ကော်တော နှင့် ကံ့ကော်ဥယျာဉ် အဝင်မုခ်ဦး(၄)ခု၊ အကျယ်(၅ပေ)ရှိ ကံ့ကော်တောနှင့် ကံ့ကော် ဥယျာဉ်လျေှာက်လှမ်း (၁၄၇၅) ပေ၊ လမ်းညွှန်နာရီစင် (၁)ခု၊ ၂ ‌ယောက် ထိုင် ကျောက်ထိုင်ခုံ (၁၀)လုံး၊ ရေပန်း အလှကန်(၁)ကန်၊ ရေသိုလှောင်ကန် (၁)ကန်၊ ညောင်ပင် အဌဂံထိုင်ခုံ(၁)ခု၊ အလှဖန်တီးထားသော ကံ့ကော်ပင်(၁)ပင် တို့ ပါဝင်သည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် အဖြစ် ကံ့ကော် တော နှင့် ကံ့ကော်ဥယျာဉ်တို့ကို အခြေခံ သိပ္ပံပညာချွန်ဆုရ ကေျာင်းသား ဟောင်းများ နှင့် စေတနာရှင်များ က မူလကံ့ကော်ပင်များအား စနစ်တကျ ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ အပင်သစ်များ စိုက်ပျိုးခြင်း၊ ကံ့ကော်တောနှင့် ကံ့ကော် ဥယျာဉ်အတွင်း အပန်းဖြေနားနေနိုင်ရန် ထိုင်ခုံများပြုလုပ်ပေးခြင်း၊ လျှောက်လမ်း များ၊ ရေပန်းနှင့်ရေကန်များတည်ဆောက်ထားခြင်း၊ အမှတ်တရကျောက်တုံးများ လှပစွာစီမံထားခြင်း စသည့်လုပ်ငန်းများကို ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက် မှ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။