ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ထူးချွန်ဝန်ထမ်းဆုများချီးမြှင့်

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏မူဝါဒလုပ်ငန်းစဉ်များကို လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်စွာအထောက်အကူပြုစေနိုင်ရန်အတွက်၊ ကောင်းမွန် သော အုပ်ချုပ်မှုစနစ်(Good Government) ၏ သဘောတရားကို သိရှိ နားလည်ပြီး သန့်ရှင်း သော အစိုးရ(Clean Government) အကောင်အထည်ဖော် ဆောင်ရွက်ရာ ၌ တက်ကြွစွာ ပူးပေါင်းပါဝင်ကြစေလိုကြောင်း နိုဝင်ဘာလ ၂၉ရက်နေ့၊ နေ့လယ်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ ၌ ပြုလုပ်သည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ထူးချွန်ဝန်ထမ်းဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

ဂုဏ်ပြုပွဲ အခမ်းအနား သို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထူးချွန်ဝန်ထမ်းများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနအသီးသီး ၌ တာဝန်ယူ ဆောင်ရွက်နေကြသော နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ဗဟုသုတများ၊ နည်းပညာများ၊ နိုင်ငံဝန်ထမ်းဥပဒေ နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ လုပ်ထုံး လုပ်နည်းများ ကို အကျွမ်းတဝင် ကြေကြေညက်ညက်ရှိနေရန် လိုအပ်ချက်များ ကို လည်းကောင်း၊ မိမိတို့တာဝန်ယူကြရသည့် လုပ်ငန်းနယ်ပယ် အတွက် ဖြောင့်မတ်သည့် အယူအဆ၊ မှန်ကန်သည့် နည်းလမ်း၊ တိကျသည့်မူဝါဒ၊ စေတနာပါသည့် လက်တွေ့ ဆောင်ရွက်မှု တို့ဖြင့် ဦးဆောင်မှုစွမ်းရည် တိုးတက် မြင့်မားရေး ကြိုးစားအားထုတ်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ မိမိတို့ ကျွမ်းကျင်ရာပညာရပ်များ ကို တန်ဘိုးရှိစွာ အသုံးပြုပြီး နိုင်ငံအတွက် အလုပ်အကျွေးပြုနိုင်ရေး တီထွင်ကြံဆ ကြိုးပမ်းကြရန် လိုအပ်ချက်များကို အသေးစိတ်ဆွေးနွေးမှာကြားသည်။

ထူးချွန်ဝန်ထမ်းဆုချီးမြှင့်ပွဲ အခမ်းအနား တွင် SRI စနစ် ကောက်စိုက်စက်ပျိုးဗန်း သုတေသနပြု တီထွင်အောင်မြင်ခဲ့သည့်  စက်မှုလယ်ယာ ဦးစီးဌာန မှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးစိုးလှိုင် နှင့် ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အထိ ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်း အသီးသီး ၌ အဆင့်(၁)စံပြဆု နှင့် စာပေဂုဏ်ထူးဆု ၊ စာပေထူးချွန်ဆု ၊ သင်တန်းသားစံပြဆု နှင့် အဆင့်(၁) ရရှိသူများ အပါအဝင် ထူးချွန်ဝန်ထမ်း စုစုပေါင်း(၃၁)ဦး တို့အား ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့်တာဝန်ရှိ သူများ က ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။

စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် SRI စနစ်ဖြင့် စိုက်ပျိုးနိုင်သည့် ကောက်စိုက်စက် ကို ဂျပန်နိုင်ငံ Minoru ကုမ္ပဏီမှ တင်သွင်းအသုံးပြုလျက်ရှိပြီး အဆိုပါ ကောက်စိုက်စက်တွင် အသုံးပြုသည့် ပျိုးဗန်းများပျိုးထောင်ရာ၌ မျိုးစေ့ တစ်စေ့ချင်းအသုံးပြုရန် လိုအပ်သော် လည်း မျိုးစေ့ ၂စေ့ ၃ စေ့ အသုံးပြုနေရမှုအပေါ် မျိုးစေ့ကုန်ကျမှုလျော့ချနိုင်ရန် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ စက်မှုလယ်ယာဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးလှိုင် က သုတေသနပြု စမ်းသပ်တီထွင်အောင်မြင်ခဲ့သဖြင့် ထူးချွန် ဝန်ထမ်းဆု ချီးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။