ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေပြည်တော်တွင် နိုင်ငံတကာလယ်ယာသုံးစက်ကိရိယာများ ခင်းကျင်းပြသ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်နှင့်ဂျာမန်စိုက်ပျိုးရေး အဖွဲ့အစည်း (Delegates from German Agricultural Society – DLG) တို့ပူးပေါင်း၍ ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ရန် ရည်ရွယ် ကျင်းပသော နိုင်ငံတကာလယ်ယာသုံးစက်ကိရိယာပြပွဲ ကို နိုဝင်ဘာလ ၂၉ရက် နံနက် ၉ နာရီ က နေပြည်တော် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအနီးရှိ စံပြစိုက်ပျိုးကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင် နှင့် နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လယ်ယာ ကဏ္ဍဆိုင်ရာဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်များ၏ ရေးရာ ကော်မတီများမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်ဌာနေ ကိုယ်စား လှယ်၊ အပြည်ပြည် ဆိုင်ရာ ဆန်စပါးသုတေသနဌာန Senior Scientist Dr. Martin ၊ ဂျာမန် စိုက်ပျိုးရေး အဖွဲ့အစည်း Division Manager Dr. Klaus ၊ ဂျာမန်စက်မှု လုပ်ငန်း နှင့် ကူးသန်း ရောင်းဝယ်ရေးအဖွဲ့နှင့် NGOs/ INGOs များ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ တာဝန်ရှိသူများ နှင့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူလယ်သမားများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် လယ်ယာလုပ်ငန်း၏ မြေယာပြုပြင်ရေးနှင့် ရိတ်သိမ်းခြွေလှေ့ရေး လုပ်ငန်းများတွင် စက်ကိရိယာများအား အဓိကထား သုံးစွဲလာမှုနှင့်အတူ တောင်သူများအနေဖြင့်  ထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်၊ လက်တွန်းထွန်စက်များ ကို တိုးတက်ပိုင်ဆိုင်သုံးစွဲလာလျက်ရှိနေကြကြောင်း၊ စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရန် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကကဏ္ဍ နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ တောင်သူများ၏ လယ်ယာသုံး စက်ကိရိယာများ တိုးတက် ပိုင်ဆိုင်နိုင်မှု တိုးတက်လာပြီး ပုဂ္ဂလိကစက်မှုလယ်ယာဝန်ဆောင်မှု အသင်း(၁၂၁)ခု ဖွဲ့စည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရေးသည် အဓိကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်နှင့်အညီ စက်မှု လယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတော်မှနည်းလမ်းမျိုးစုံဖြင့် အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် တောင်သူဦးကြီးများအနေဖြင့် ကျေးလက် ဒေသများတွင် လယ်ယာလုပ်သားခက်ခဲမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးနှင့် အခြား သော ဘေးအန္တရာယ်များ ကျရောက်မှုတို့ကြောင့် တောင်သူလယ်သမားအများစု၏ လူမှု စီးပွားဘဝကို ပိုမိုထိခိုက်စေမှုများ ကြုံတွေ့ရသည့်အပေါ်  ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များ သိရှိလာပြီး သီးထပ်များတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိပြီး လယ်ယာလုပ်ငန်းတွင် လယ်ယာသုံးစက်ကိရိယာများ ပိုမိုတိုးမြင့် အသုံးပြုလာကြသည်ကို တွေ့မြင်ရပါကြောင်း၊ နိုင်ငံတကာ နည်းပညာ တိုးတက်မှုများကိုအခြေခံ၍ ခေတ်မီ လယ်ယာသုံးစက်ကိရိယာများ တီထွင်အသုံးပြုလျက်ရှိရာ မိမိတို့၏ တောင်သူလယ်သမား များ အတွက် ခေတ်မီ အဆင့်မြင့် လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်စေရန် ဘက်စုံးကဏ္ဍစုံမှ ပူးပေါင်း ဆောင်ရွက်သွားရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် အပြည်ပြည် ဆိုင်ရာ ဆန်စပါး သုတေသန ဌာန Senior Scientist Dr. Martin ၊ ဂျာမန် စိုက်ပျိုးရေး အဖွဲ့အစည်း Division Manager Dr. Klaus  နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာမျိုးအောင်ကျော် တို့က စက်မှု လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာများ၊ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်မှု နှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင်  ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဌာနဆိုင်ရာပြခန်းများ၊ ပုဂ္ဂလိက ပြခန်း များ၊ ပြည်တွင်း ပြည်ပ ကုမ္ပဏီ အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

စက်မှုလယ်ယာကဏ္ဍတွင် ရေရှည်တည်တံ့သော စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း ရန် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ လယ်ယာသုံးစက်ကိရိယာ များ စွမ်းအားပြည့်အသုံးချနိုင်ရန် ကုန်ထုတ်လမ်း၊ ရေသွင်းရေထုတ်မြောင်းများ ပါရှိပြီး စက်ကိရိယာ များ အသုံးပြုရန် သင့်တော် သည့် အရွယ်အစားရှိသော စနစ်ကျလယ်ယာမြေ များ တိုးတက်ပေါ်ထွန်းလာစေရေး၊ တောင်ပေါ်ဒေသ များ တွင် ရွေ့ပြောင်းတောင်ယာများ အစား အတည်တကျ စိုက်ပျိုးလုပ်ကိုင်နိုင်မည့် လှေခါး ထစ် နှင့် ကုန်းမြင့် လယ်ယာများ အဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်စေရေး၊ လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာသုံး စက်ကိရိယာ များ တိုးတက်သုံးစွဲနိုင်ရေးအတွက် ကနဦးရင်းနှီးငွေနည်းနည်းဖြင့်စက် တန်ဘိုးအား အရစ်ကျ ပေးသွင်းပြီး တောင်သူများ လယ်ယာသုံး စက်ကိရိယာများ ပိုင်ဆိုင်နိုင်စေရေး၊ စက်မှု လယ်ယာ အသိပညာ၊ အတတ်ပညာများ လေ့ကျင့်ပညာ ပေးရေးနှင့် စက်မှုလယ်ယာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရေး တို့ကို ဆောင်ရွက်လျက်ရှိသည်။

တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမည့် သီးနှံစနစ်နှင့် သင့်တော်သော လယ်ယာ သုံး စက်ကိရိယာများအား ရွေးချယ်သုံးစွဲနိုင်ပြီး လယ်ယာလုပ်ငန်း၌ စက်ကိရိယာသုံးစွဲမှု တိုးတက်လာစေရန်၊ လယ်ယာသုံးစက်ကိရိယာ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ နိုင်ငံတကာမှပညာရှင်များနှင့်တွေ့ဆုံဆွေးနွေးခွင့်ရရှိရန် နှင့် ခေတ်မီလယ်ယာသုံး စက်ကိရိယာများ ၏ လုပ်ဆောင်မှုကို လက်တွေ့သိမြင် လေ့လာ နိုင်ပြီး ပုဂ္ဂလိက လယ်ယာ ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်၊ ခေတ်မီ စက်မှု လယ်ယာစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ် မှု စွမ်းအားကို မြှင့်တင်ရန် ရည်ရွယ် ၍ ပြပွဲ ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြပွဲတွင် သြစတြေးလျ၊ ဂျာမနီ၊ သြစတြီးယား၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ စသော နိုင်ငံများ မှ ပြည်ပကုမ္ပဏီ (၆)ခု နှင့် လယ်ယာသုံး စက်ကိရိယာထုတ်လုပ် ဖြန့်ဖြူး ရောင်းချ လျက်ရှိသော ပြည်တွင်း ကုမ္ပဏီ(၂၃)ခု တို့မှ ပြခန်းပေါင်း ၄၅ ခန်း ခင်းကျင်း ပြသလျက်ရှိပြီး လာရောက် လေ့လာ ကြသော တောင်သူများအနေဖြင့် ခေတ်မီ လယ်ယာသုံး စက်ကိရိယာ အမျိုးမျိုးကို ကွင်း အတွင်း လက်တွေ့ မောင်းနှင် သရုပ်ပြသမှု များ အား  လေ့လာတွေ့ရှိ နိုင်ကြမည် ဖြစ်သဖြင့်  နိုဝင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ခင်းကျင်းပြသမည့် ပြပွဲကာလ ၂ ရက်အတွင်း မိမိတို့ လယ်ယာလုပ်ငန်းအတွက် သင့်တော် မည့် စက်ကိရိယာ များ လေ့လာ ရွေးချယ် နိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။