ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ၏ ကွင်းအတွေ့အကြုံ စာတမ်းဖတ်ပွဲ ဒုတိယအကြိမ် ကျင်းပ  

တိုင်းဒေသကြီး ပြည်နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာန က ဒေသအလိုက် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော စမ်းသပ်ကွက်၊ စံပြကွက် လုပ်ငန်းရလဒ်များ၊ သုတေသနလုပ်ငန်း ရလဒ်များကို လက်တွေ့ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများက စာတမ်းပြုစု တင်သွင်းဖတ်ကြားသည့် သုတေသနနှင့် ပညာပေး လုပ်ငန်းများမြှင့်တင်ရေး ဒုတိယအကြိမ် စာတမ်းဖတ်ပွဲ ကို ဇန်နဝါရီလ ၂၉ရက် နံနက် ၉ နာရီအချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး ပြည်နယ်များမှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ ၊ စွန့်ဦးလူငယ်ပညာရှင်အဖွဲ့(YSI) အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များက အမှာစကားများ အသီးသီးပြောကြားကြသည်။

သုတေသနနှင့် ပညာပေးလုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်လာစေရေး ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊  ဒေသအသီးသီး၌ ဆောင်ရွက် ခဲ့ကြသည့် စမ်းသပ်ကွက် စံပြကွက် သုတေသနလုပ်ငန်း အတွေ့အကြုံများအား ဝန်ထမ်း အချင်းချင်းမျှဝေပေးနိုင်ရေး တို့ကိုရည်ရွယ်ကျင်းပသည့်  အဆိုပါစာတမ်းဖတ်ပွဲသည် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး နှစ်စဉ်ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ပါဝင်သည့် စားတမ်းအမှတ်ပေးအဖွဲ့က စိစစ်ရွေးချယ်၍ အကောင်းဆုံး စာတမ်းဆုများကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS)အစီအစဉ် တွင်ပါဝင်သည့်  တောင်သူ အခြေပြုသည့် စိုက်ပျိုးရေးဆိုင်ရာ တိုးချဲ့ပညာပေးဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော တိုးချဲ့ ပညာပေးစနစ်တစ်ခုလုံး၏ ပံ့ပိုးကူညီသူအဖြစ်သို့ ပြောင်းလဲဆောင်ရွက်ရန် စိုက်ပျိုးရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လယ်သမားမှ လယ်သမားသို့(F2F) စီးပွားရေးလုပ်ငန်းမှ လယ်သမားသို့(E2F) အကြံပေးဝန်ဆောင်မှုများ ချဲ့ထွင်ပေးနိုင်ရန် နှင့် အခွင့်အလမ်းကောင်းများဖော်ထုတ်ပေးရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် က ဆက်လက်ပြောကြားသည်။

စာတမ်းဖတ်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး သုတေသနနှင့် ပညာ‌ပေးစာတမ်း (၄၃)စောင်ကို ဖတ်ကြားတင်သွားသွားမည်ဖြစ်သည်။တိုင်းဒေသကြီး ပြည်နယ် ဒေသအသီးသီးတွင် လက်တွေ့ ဆောင်ရွက်ခဲ့ကြသည့် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများက မိမိတို့ အတွေ့အကြုံများကို စာတမ်းပြုစု ဖတ်ကြား တင်ပြခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေး၍ အမြင်ချင်းဖလှယ်ခြင်း၊ ရရှိလာသည့် အချက်အလက်များအပေါ်အခြေခံ၍ စားပွဲဝိုင်းဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေး အကြံပြုခြင်း တို့ဖြင့် သုတေသနနှင့် ပညာပေး လုပ်ငန်းများမြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၊ပြောင်းလဲ သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျော ညီထွေမှု ရှိသည့် နည်းစနစ်များဖြစ်ရန် ၊ ဒေသပတ်ဝန်းကျင် အခြေအနေနှင့် တောင်သူများ လက်ခံနိုင်မှုရှိမည့်  နည်းပညာအသစ်များ ဖော်ထုတ်ရန်၊ ဈေးကွက်က လိုလားသော သီးနှံ အမယ်သစ်များကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်စေရန် နှင့် ရှေရှည်တည်တံ့ သည့်  စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများဖြစ်ရန် မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။