ဦးစီးဌာနသတင်းများ

အာရှနှင့် ပစိဖိတ်နိုင်ငံများ၏ ဒေသအတွင်း ၃၅ ကြိမ်မြောက် ညီလာခံ အတွက် နိုင်ငံအဆင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ။

       အာရှနှင့် ပစိဖိတ်နိုင်ငံများ၏ ဒေသအတွင်း ၃၅ ကြိမ်မြောက် ညီလာခံ အတွက် နိုင်ငံအဆင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ (၂၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ FAO ဌာနေ ကိုယ်စားလှယ် Ms. Xiaojie Fan ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် နှင့် ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများ မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

    ဆွေးနွေးပွဲတွင် အာရှနှင့်ပစိဖိတ် နိုင်ငံများအကြား စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အ‌ခြေအနေ (အနာဂတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ)၊ တိုးမြင့်လာသော ရေရှားပါးမှုအား ခံနိုင်ရည်ရှိသော စိုက်ပျိုးနည်းစနစ်များ၊ အာရှနှင့် ပစိဖိတ်နိုင်ငံများအတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝမှု အတွက် ရာသီဥတုဒဏ်  ခံနိုင်ရည် ရှိသော အသေးစားငါးလုပ်ငန်းများ၊ ပြောင်းလဲနေသော ရာသီဥတု ဒဏ်ကို ခံနိုင်ရည် ရှိသည့် စဉ်ဆက်မပြတ် စိုက်ပျိုးမှုပုံစံများ၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်ရာတွင် နောက်ဆုံးပေါ် နည်းပညာများအား အသုံးပြုသော စိုက်ပျိုးနည်းစနစ်များအား ဆေွးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကြုံတွေ့နေရသော အခက်အခဲများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက်ရေးဆွဲထားသော မူဘောင်များနှင့် မိမိတို့ ကြုံတွေ့ခဲ့ရသော သင်ခန်းစာများအား ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ပြီး ရရှိလာသော ဆွေးနွေးချက်များအား စုစည်း၍ အာရှနှင့် ပစိဖိတ် နိုင်ငံများ ၏ ဒေသအတွင်း ၃၅ ကြိမ်မြောက် ညီလာခံ သို့ တင်ပြသွားမည် ဖြစ်သည်။

      ဘူတန်နိုင်ငံ Thimphu မြို့၌ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်မှ(၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည့် အဆိုပါ ညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသော အာရှနှင့် ပစိဖိတ်နိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။ ညီလာခံတွင် လုံခြုံစိတ်ချမှု ရှိသော စဉ်ဆက်မပြတ်အစားအသောက်နှင့် စိုက်ပျိုးနည်း စနစ်များအား ဖော်ဆောင်နိုင်ရေး ၊ ဒေသအတွင်း ကြုံတွေ့နေရသော အခက်အခဲ အတား အဆီးများ အား အတူတကွပူးပေါင်း အဖြေရှာနိုင်ရေး ကို ဆွေးနွေး ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။