ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နွေရာသီ ရေရှားပါး ကျေးရွာများ သောက်သုံးရေ ရရှိရေး ကွင်းဆင်း ဆောင်ရွက်

         နွေရာသီ ကာလ တွင် ကျေးရွာအချို့၌ ရေရှားပါးမှု၊ သောက်သုံးရေ မလုံလောက်မှု ပြဿနာကို နှစ်စဉ်ကြုံတွေ့နေရလျက်ရှိရာ အဆိုပါအခက်အခဲကို လျော့နည်း သက်သာ စေရန် နိုင်ငံတော်သမ္မတ နှင့် အလှူရှင်များ၏ လှူဒါန်းငွေများ၊ နိုင်ငံတော်ရန်ပုံငွေများဖြင့် ကျေးလက် သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန က ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ပခုက္ကူမြို့နယ် ၊ ချောင်းဆုံကျေးရွာနှင့် ဆုံကုန်းကျေးရွာများ သို့ ရောက်ရှိကြပြီး နိုင်ငံတော်သမ္မတ ၏ လှူဒါန်းငွေဖြင့် စက်ရေတွင်းတူးဖော်နေမှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများ ဒေသနေ ပြည်သူများနှင့်တွေ့ဆုံစဉ် ဆွေးနွေးမှာကြားရာ၌ ချောင်းဆုံ ကျေးရွာ နှင့် ဆုံကုန်းကျေးရွာများသည် ရေအရင်း အမြစ် ရှားပါး သည့် ဒေသဖြစ်သည့်အတွက် ရေချိုထွက်ရှိရန် တူးဖော်ရ ခက်ခဲကြောင်း၊ ဒေသနေ ပြည်သူများ ကျန်းမာရေး နှင့် ညီညွတ်သည့် သောက်သုံးရေ ရရှိရေးအတွက် နိုင်ငံတော် သမ္မတ ၏ လှူဒါန်းငွေ ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာနှင့် လုပ်အားဒါန တို့ဖြင့် စက်ရေတွင်း၊ ရေတင်စက်၊ ရေစုကန် နှင့် အိမ်တိုင်ရာရောက် ရေသွယ်စနစ်များ ပါဝင်သည့် ကျေးရွာ ရေရှိရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် မိမိတို့ ရေရှည်အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း ကြရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရေတွင်းမှ ရေများ ထွက်ရှိနေမှု၊ ထွက်ရှိ လာသော ရေများ ၏ ရေအရည်အသွေး ဓါတ်ခွဲစမ်းသပ်မှု အခြေအနေ တို့ကို လည်းကောင်း၊   ရေစုကန်၊ ကွန်ကရစ်ရေစင် တည်ဆောက်နေမှု တို့ကို လည်းကောင်း၊ ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိ သူများက ရှင်းလင်း တင်ပြကြသည်။

ယနေ့နံနက်ပိုင်းကလည်း ပခုက္ကူမြို့နယ် ၊ ရေလာလေးကျေးရွာ တွင် ကျင်းပ ပြုလုပ်သည့် စက်ရေတွင်း၊ ရေတင်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ တက်ရောက်၍ အားပေးသည်။စက်ရေတွင်း၊ ရေတင်စက်ရုံ ကို Halpin Group “ပညာအောင်မြေ”စာသင်ဝိုင်း တည်ထောင်သူ နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တက္ကသိုလ်များ မှ ဆရာ ဆရာမများ မိတ်ဆွေ မိသားစုများ ၊ RC-3 မှ တပည့်များ စုပေါင်း လှူဒါန်းသည့် အလှူငွေ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ် ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စက်ရေတွင်းမှာ အချင်း ၄လက်မ တွင်းတူး အနက် ပေ၅၀၀ ရှိကာ ရေလာလေးကျေးရွာရှိ အိမ်ထောင်စု ၁၇၃ စုမှ လူဦးရေ ၇၆၅ ဦး တို့ အတွက် သန့်ရှင်းသော သောက်သုံး ရေဖူလုံစေမည် ဖြစ်သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ သည် မြိုင်မြို့နယ် ၊ ပေပင်တိုက် ကျေးရွာ သို့ရောက်ရှိကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ဆောင်ရွက်သည့် စက်ရေတွင်း၊ ရေတင်စက်ရုံ မှ ဒေသနေပြည်သူများအတွက် သောက်သုံးရေအကျိုးပြုနိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ စက်ရေတွင်း၊ ရေတင်စက်ရုံ ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက် ပေးခြင်းဖြစ်သည်။ စက်ရေတွင်းမှာ အချင်း ၄လက်မ တွင်းတူးအနက် ပေ၄၀၀ ရှိပြီး ပေပင်တိုက် ကျေးရွာရှိ အိမ်ထောင်စု ၁၃၄ စုမှ လူဦးရေ ၇၄၇ ဦးတို့အတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစေမည်ဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ သည် မြိုင်မြို့နယ် ၊ သစ်ကြီးတောကျေးရွာ သို့ ရောက်ရှိ ကြပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ်ဖြင့် လှူဒါန်းသည့် စက်ရေတွင်း၊ ရေတင်စက်ရုံ ၊ ရေစုကန် ၊ ရေလှောင်ကန် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ် ဖြင့် လှူဒါန်း သည့် စက်ရေတွင်းမှာ အချင်း ၄လက်မ တွင်းတူးအနက် ၇၁၀ ပေ ရှိပြီး သစ်ကြီးတော ကျေးရွာ နေပြည်သူများ အတွက် သန့်ရှင်းသော သောက်သုံးရေဖူလုံစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။