သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပြောင်းလဲလာသောရာသီဥတု နှင့် လိုက်လျော ညီထွေဖြစ်သည့် ဆောင်းသီးနှံတိုးချဲ့စိုက်ပျိုးရေး ကွင်းသရုပ်ပြပွဲ ပင်လယ်ဘူးမြို့နယ်တွင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး တွင် ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်သည့် စိုက်ပျိုးနည်းစနစ်များလိုက်နာကျင့်သုံးရေးနှင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးတို့အတွက် မိုးစပါးအပြီး ဆောင်းသီးနှံများတိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်း ဆောင်ရွက်လျှက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် ဒီဇင်ဘာလ ၂၉ ရက် နံနက်(၁၁)နာရီ အချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့်  ဦးလှမြင့်အောင် နှင့် ဦးသက်ဇင်မောင် ၊ ညွှန်ကြားရေးမှူးများ ဖြစ်ကြသည့် ဦးဖဲဆောင်၊ ဦးသီဟထွန်းနှင့် ဦးဝင်းလှိုင်ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများ တာဝန်ရှိသူများလိုက်ပါ၍ ကသာခရိုင်၊ ပင်လယ်ဘူးမြို့နယ်ရှိ ကဒူးကနနန်းလူမျိုးများ အများစုနေထိုင်သည့် တုံးဖလား ကျေးရွာ သို့ရောက်ရှိကြပြီး တောင်သူဦးသိန်းအောင် ၏ စိုက်ခင်းတွင် မိုးစပါးအပြီး လယ်သီးထပ်အဖြစ် စိုက်ပျိုးသော နေကြာနှင့်ပဲပုပ်သီးနှံ ဆူးထိုးစိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်အားပေးကြသည်။

ဒေသနေတောင်သူများနှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆွေးနွေးပြောကြားရာတွင် ရာသီဥတုပြောင်းလဲလာမှုကြောင့် ပင်လယ်ဘူး မြို့နယ် အတွင်း မိုးရွာရက်နှင့် မိုးရေချိန် ရရှိမှု လျော့နည်းခဲ့ကြောင်း၊ အစိုဓာတ်ရရှိသည့် ကာလနည်းပါးလာမှုကြောင့် ယခင်ကစိုက်ပျိုးခဲ့သော သက်တမ်းရှည်မျိုးများ စိုက်ပျိုးခြင်း နှင့် စပါးသီးနှံတစ်မျိုးထဲအပေါ် အားကိုးစိုက်ပျိုး၍ မဖြစ်နိုင်တော့ ကြောင်း၊ သို့ဖြစ်ရာ လက်ရှိအခြေအနေနှင့်လိုက်လျောညီထွေစိုက်ပျိုးနိုင်မည့်  စျေးကွက်ဝင် သက်တမ်းတို သီးနှံများ ပြောင်းလဲစိုက်ပျိုးကြရန် နှင့် မိုးစပါးအပြီးတွင် လယ်သီးထပ်အဖြစ် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ သီးနှံပုံစံပြောင်းလဲစိုက်ပျိုးခြင်းအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို မိမိတို့စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကူညီဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဒေသနေတောင်သူများနှင့် တွေ့ဆုံရာသို့ ပင်လယ်ဘူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းနောင်၊ အမှတ် ၁ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင် တို့ ပါဝင်တက်ရောက်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင် က  ပင်လည်ဘူး မြို့နယ်၊ တုံးဖလား ကျေးရွာ တောင်သူများအား နည်းပညာပေးရာတွင် အသုံးပြု နိုင်ရေးအတွက် နည်းပညာပြန့်ပွားရေး စင်တာဆောက်လုပ်နိုင်ရေး ဆွေးနွေးရာတွင် ညွှန်ကြားရေးမှူးချုပ် က ဒေသအတွက်လိုအပ်သော နည်းပညာပြန့်ပွားရေး စင်တာအား ကျေးရွာအစီအစဉ်ဖြင့်စုပေါင်းတည်ဆောက်ပြီး စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာပညာရှင်ဝန်ထမ်းများက ဘာသာရပ်အလိုက်နည်းပညာ ဖြန့်ဝေရေးလုပ်ငန်းများ ပံ့ပိုးပေးမည့် အစီအစဉ်များအားဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင်  ညွှန်ကြားရေးမှူးချုပ် က တုံးဖလားကျေးရွာ တောင်သူများ အတွက် ဟင်းသီးဟင်းရွက်မျိုးစေ့များပေးအပ်ခဲ့ပြီး ဆူးထိုးစနစ် စိုက်ပျိုးနေသော တောင်သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။