ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ့စိမ်းလန်းသော ဂေဟဗေဒ ဝန်းကျင်(Green Ecology in Myanmar ) ဒုတိယ အကြိမ် မြောက် အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်း ဖတ်ပွဲကျင်းပ။

        ရာသီဥတုနှင့်သဟဇာတဖြစ်သော စိုက်ပျိုးရေးစနစ်၊ ရေရှည်တည်တံ့သော သစ်တော စီမံခန့်ခွဲမှုစနစ် နှင့် ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ သုတေသနလုပ်ငန်းများ၊ စီမံကိန်းများ၏ ရလဒ်များ၊ အတွေ့အကြုံများ နှင့် ဗဟုသုတများကို မျှဝေဖလှယ်ခြင်းဖြင့်  ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ဖွံ့ဖြိုးရေး၊ ရာသီဥတုပြောင်းလဲသက်ရောက်မှုဒဏ် ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးစီးပွားရေးလုပ်ငန်းစဉ်များ ဖော်ထုတ်အသုံးချနိုင်ရေးသည် မိမိတို့နိုင်ငံ၏ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍလုပ်ငန်းစဉ်များအတွက် များစွာအရေးပါကြောင်း သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပပြုလုပ် သည့် မြန်မာ့စိမ်းလန်းသော ဂေဟဗေဒဝန်းကျင်(Green Ecology in Myanmar) အလုပ်ရုံ ဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောသည်။

မြန်မာ့စိမ်းလန်းသော ဂေဟဗေဒဝန်းကျင်(Green Ecology in Myanmar) အလုပ်ရုံ ဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ နှင့်အတူ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဦးရန်လင်း၊ တောင်သူလယ်သမား နှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဦးကျော်မြင့် ၊ အမျိုးသား လွှတ်တော် တောင်သူ လယ်သမားရေးရာကော်မတီ ဥက္ကဌ ဦးဘမျိုးသိန်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမြဲတမ်းအတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ နှင့် ပါမောက္ခဌာနမှူးများ၊ ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ FAO ၊ ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ GEF တို့မှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ နှင့် စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြားရာ၌ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ မြန်မာနိုင်ငံ အနှံ့အပြား၌ ရေကြီး၊ ရေလျှံခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြင့်မားခြင်း ဖြစ်ပေါ်မှုများကြောင့် လယ်ယာ ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ နှင့် သားငါးကဏ္ဍ ဆိုင်ရာလုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက် အနည်းနှင့် အများ ထိခိုက်မှုများ ကြုံတွေ့လျက်ရှိကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ ၂၀၁၉ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ အစီအရင်ခံစာအရ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးမြေဧက ၅၀၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ၊ ဧက ၇၉၀၀၀ ကျော် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရကာ မြေပြိုကျမှုအပါအဝင်သဘာဝဘေးဒဏ်များကြောင့် လူ နှင့် တိရစ္ဆာန် သေးဆုံးထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊

ရာသီဥတုပြောင်းလဲသက်ရောက်မှုဒဏ် ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော သီးနှံ အမယ်သစ်များ တိုးတက်ထုတ်လုပ်ရေး၊ သစ်တောနှင့် သယံဇာတများ ထိန်းသိမ်းရေး ဆိုင်ရာ စီမံခန့်ခွဲမှုတို့ဖြင့် စိုက်ပျိုးရေးအခြေပြု စီးပွားရေးဖော်ဆောင်မှုကို မြန်မာနိုင်ငံတွင် စီမံကိန်းရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပ အတွေ့အကြုံများကို အခြေခံ၍ လက်ရှိကျင့်သုံးနေသော နည်းပညာများ၊ မူဝါဒများတွင် ပေါင်းစပ် အသုံးချနိုင် မည့် ရာသီဥတုနှင့် သဟဇာတ ဖြစ်သော စိုက်ပျိုးရေးစနစ် CSA/ SLM / SFM ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ယနေ့ ကျင်းပသော မြန်မာ့စိမ်းလန်းသော ဂေဟဗေဒ ဝန်းကျင်(Green Ecology in Myanmar) အလုပ်ရုံ ဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲ မှ အမြင်ချင်းဖလှယ် ဆွေးနွေးဖော်ထုတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။

ထို့နောက် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO ဌာနေကိုယ်စားလှယ် Ms. Xiaojie Fan နှင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် တို့က အလုပ်ရုံဆွေးနွေးပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO၊ ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ GEF တို့ ပူးပေါင်းကျင်းပသော မြန်မာ့စိမ်းလန်းသော ဂေဟဗေဒဝန်းကျင်(Green Ecology in Myanmar) အလုပ်ရုံ ဆွေးနွေးပွဲ နှင့် စာတမ်းဖတ်ပွဲ အခမ်းအနား ကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကာ သက်ဆိုင်ရာ ကဏ္ဍအလိုက်ပညာရှင်များက စာတမ်း ၁၄စောင် ဖတ်ကြားတင်သွင်းကြပြီး ဆွေးနွေးပွဲ သို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပညာရပ်နယ်ပယ်အသီးသီးတွင် ဆောင်ရွက် နေကြသည့် ပညာရှင်များ၊ သုတေသနဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ ပါဝင် တက်ရောက်ကြကြောင်း သတင်းရရှိသည်။