စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ဇီဝနည်းပညာ၊မျိုးစေ့ဘဏ်နှင့်သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ ဇီဝနည်းပညာသုတေသနဌာနစု၏ ဇီဝနည်းပညာဓါတ်ခွဲခန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအတွက် အသိအမှတ်ပြု ISO 9001:2015 QMS လက်မှတ်ကို ၂၀၁၉ ခုနှစ်၊ မေလ (၂၉) ရက်နေ့က လက်ခံရရှိပြီးဖြစ်သည်။
ဇီဝနည်းပညာသုတေသနလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်၍ ဓါတ်ခွဲခန်း သုတေသနလုပ်ငန်းများအား နိုင်ငံတကာအဆင့်မီ စံချိန်၊ စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ဓါတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်းကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ရာ၊ ယခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေး နှစ်ဆန်းပိုင်း တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ဇီဝနည်းပညာဓါတ်ခွဲခန်းတွင် အပင်တစ်သျှူးမွေးမြူရေးသုတေသန ၊ အပင်မျိုးထွန်းနည်း ပညာသုတေသန၊ မော်လီကျူလာနည်းပညာ သုတေသန နှင့် အပင်ဇီဝကမ္မဗေဒ သုတေသနများ ကို ဆောင်ရွက်လျှက်ရှိသည်။ အပင်တစ်သျှူး မွေးမြူခြင်းသုတေသန၏ ရလဒ်ကောင်းများအနေဖြင့် အဖိုဝတ်မှုန်အိတ် (Anther Culture) နည်းပညာဖြင့် သုတေသနပြု ရရှိထားသော ရွှေရီတိုး စပါးမျိုး နှင့် တစ်သျှူး ငှက်ပျောမျိုးများအား စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူး ပေးလျက်ရှိ သည့်အပြင်၊ ဆင်းသုခစပါးမျိုးကဲ့သို့ စပါးရွက်ခြောက် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး၊ ဆင်းသုခထက် သက်တမ်း (၁၅) ရက်တိုသော ဆင်းသုခစပါးမျိုးလိုင်းနှင့် ရေမြုပ်ဒဏ် ခံနိုင်ရည်ရှိသော ဆင်းသုခစပါးမျိုးလိုင်း သစ်များကိုလည်း ရရှိနေပြီဖြစ်ရာ၊ မကြာမီကာလအတွင်း တောင်သူလယ်သမားများလက်ဝယ်သို့ ဖြန့်ဖြူးပေး နိုင်တော့မည် ဖြစ်ပါသည်။
မော်လီကျူလာနည်းပညာ သုတေသနရလဒ်အဖြစ် ဆားငံဒဏ်၊ ရေမြုပ်ဒဏ်၊ စပါး ရွက်ခြောက် ရောဂါဒဏ် ခံနိုင်ရည်ရှိကာ အမွှေးနံ့ပါသော ဆင်းသွယ်လတ် စပါးမျိုး လိုင်းများအား သုတေသနပြု ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး၊ တောင်သူ့များအားဖိတ်ခေါ်၍ ကွင်းသရုပ်ပြပွဲများအားလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဇီဝနည်းပညာ ဓါတ်ခွဲခန်းတွင် ဆေးဖတ် ဝင်သစ်ခွ၊ ကော်ဖီ၊ ကြံ၊ မြေပဲ၊ ခရမ်းချဉ်၊ ပြောင်းသီးနှံများ အား လည်း အပင်တစ်သျှူးနည်းပညာနှင့် မော်လီကျူလာနည်းပညာများ အသုံးပြု၍ သုတေသနများ ဆောင်ရွက်လျက်ရှိသည်။
ဇီဝနည်းပညာ သုတေသနဌာနစုအနေဖြင့် ဓါတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်ထားရှိပြီးဖြစ်သောကြောင့်၊ တောင်သူ လယ်သမားများအတွက် အရည်အသွေးပြည့်မီ၍ စျေးကွက်စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီကာ နိုင်ငံတကာ စျေးကွက် သို့ ထိုးဖောက်နိုင်မည့် သီးနှံမျိုးသစ်များအား ဇီဝနည်းပညာအသုံးပြု၍ သုတေသနပြု ဖော်ထုတ်နိုင်ရန်နှင့် သုတေသနဦးစီးဌာနရှိ စပါးနှင့် အခြားနှံစားသီးနှံ၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံ၊ စက်မှုနှင့် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် သုတေသနဌာနစုများ နှင့် ပူးပေါင်းကာ သုတေသန လုပ်ငန်း များ ချိန်ဆက် ဆောင်ရွက်ရန် အတွက်လည်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများက အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန က သိရှိရသည်။