မွေးမြူကုသရေးဆိုင်ရာ သတင်းကဏ္ဍ

ကိုဗစ်ကာလအတွင်း မွေးမြူရေး နှင့် စပ်လျဉ်းသည့် ပြန်လည် ထူထောင် ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိ

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားလျက်ရှိသည့်ကာလအတွင်း ကြုံတွေ့လျက်ရှိနေကြသည့် မွေးမြူရေးဆိုင်ရာထိခိုက်နစ်နာမှုများအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးနှင့်စပ်လျဉ်းသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားထုတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်း ကောက်ယူခဲ့သော စစ်တမ်းများ အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် မွေးမြူရေး ထွက်ကုန်များ စားသုံးသူ လက်ဝယ် အရောက် အချိန်မီမရောင်းချနိုင်ခြင်း၊ အသွားအလာ ကန့်သတ် မှုများကြောင့် ကုန်ပစ္စည်းများ ပျက်စီးရခြင်းနှင့် အသားဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် မွေးမြူရေး ဆိုင်ရာ လုပ်ငန်းများ ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီး အသေးစားနှင့် အလတ် စားမွေးမြူသူများသည် ထိခိုက်မှု အများဆုံး ဖြစ်ပွား ခဲ့ရသည်။
         “ကိုဗစ်ကာလအတွင်း ကုန်စည်စီးဆင်းမှု နှေးကွေး သွားတာနဲ့အမျှ မွေးမြူထုတ်လုပ်မှု လုပ်ငန်းတွေ ထိခိုက် ခဲ့တဲ့အတွက် ဦးစီးဌာနအနေနဲ့ ကိုဗစ်ကာလနဲ့ ကိုဗစ်အလွန် ကာလ ကန့်သတ်မှုတွေ ဖြေလျှော့သွားတဲ့အချိန်မှာပါ မွေးမြူရေး လုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ ဈေးကွက် တည်ငြိမ်ရေး အတွက် ညှိနှိုင်းခြင်းနဲ့ ကုန်စည် စီးဆင်းမှုလွယ်ကူလျင်မြန် စေခြင်း ဆိုင်ရာ လုပ်ငန်း တွေကို ကြိုးပမ်းဆောင်ရွက်ပေးနေ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မွေးမြူရေး လုပ်ငန်းဟာ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အတွက် အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေမွေးမြူပြီး အိမ်နီးချင်း နိုင်ငံတွေ ကို တင်ပို့ရောင်းချနေရတဲ့အတွက် နိုင်ငံခြားဝင်ငွေရရှိနေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်”ဟု မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက ပြောသည်။
အထူးစီမံချက်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ကိုဗစ် ကာလအတွင်း တိရစ္ဆာန်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် တိရစ္ဆာန်ရောဂါ ကျရောက်မှုကြောင့် ထပ်ဆောင်း ထိခိုက်မှုများ မဖြစ်ပွားစေရန် လူနေထူထပ်ပြီး ကိုဗစ်ရောဂါ ဓာတ်ခွဲလူနာတွေ့ရှိမှု အများဆုံးဖြစ်သော ရန်ကုန်တိုင်း ဒေသကြီး ဧရိယာဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင် ကျွဲ၊ နွား ခွာနာလျှာနာ ကာကွယ်ဆေး၊ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး နှင့် ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းကို အထူးစီမံချက်ချ ဆောင်ရွက်ပေးလျက် ရှိသည်။
ဥရောပသမဂ္ဂ၏ ထောက်ပံ့ငွေ ယူရို နှစ်သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ တွင် ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဝက်ဝမ်းကျရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်း၊ မွေးမြူရေး သွင်းအားစုများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်ကာလအတွင်း ဝန်ထမ်းများအနေဖြင့် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ရန်ခက်ခဲသော်လည်း ကျေးရွာ များရှိ တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ၏ အကူ အညီဖြင့် ကျွဲ၊ နွား ကာကွယ်ဆေးထိုးနှံခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ဆောင်ရွက် စေခြင်းဖြင့် တိရစ္ဆာန်ရောဂါ ကျရောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများကို ကာကွယ် ပေးနိုင်ခဲ့သည်။
ထို့အတူ အအေးခန်းသိုလှောင်ရုံများ စနစ်တကျ စတင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်မှ ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“တိရစ္ဆာန်ထွက်ပစ္စည်းတွေဖြစ်တဲ့ အသား၊ ဥ၊ နို့ စတဲ့ စားသောက်ကုန်တွေဟာ ပုပ်သိုး လွယ်တဲ့ ပစ္စည်းတွေဖြစ် တဲ့အတွက် ကိုဗစ်ကာလအတွင်း အသွားအလာကန့်သတ်မှု တွေ ဖြစ်လာတဲ့ အခါ ဈေးကွက်ကို အချိန်မီ မပို့ဆောင်နိုင်ဘဲ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အထူးသဖြင့် အသေးစား နဲ့ အလတ်စားမွေးမြူရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရတဲ့အတွက် ကမ္ဘာ့ဘဏ်ချေးငွေစီမံကိန်းအရ အမေရိကန်ဒေါ်လာ လေးသန်းရယူပြီး ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီး တွေမှာ အအေး ခန်း သိုလှောင်ရုံ (cold chain) တွေကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ joint venture စနစ်နဲ့ တည်ဆောက်သွားဖို့ ရည်ရွယ်ထားပါတယ်”ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ဆွေးနွေးမှုများပြုလုပ်
မြန်မာပြည်သူများ အများဆုံးစားသုံးသည့် အသား ဓာတ်ဖြစ်သော ကြက်ဥ၊ ကြက်သား များ စဉ်ဆက်မပြတ် မွေးမြူ ထုတ်လုပ်ပေးနိုင်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေ ရေးအတွက် မြန်မာ နိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများနှင့် မွေးမြူသူများအနေဖြင့် အွန်လိုင်းမှ အကြိမ်ကြိမ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေး ကြက်မျိုးခြံနှင့် ဥဖောက် စက်များမှ ဈေးကွက်လိုအပ်ချက်ကို ကျော်လွန်ထုတ်လုပ် ခြင်းနှင့် ဈေးကစားခြင်းများ မဖြစ်စေရန် လိုအပ်သော အချက်အလက်များ ကောက်ယူညှိနှိုင်းခြင်းများ လုပ်ဆောင် လျက်ရှိသည့်အပြင် နိုင်ငံခြားသားပိုင်ကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများအကြား ဈေးကွက် နှင့် လိုက်လျော ညီထွေရှိသော ထုတ်လုပ်မှုရရှိနိုင်အောင်လည်း ညှိနှိုင်း ဆောင်ရွက် ပေးလျက် ရှိသည်။
ကိုဗစ်ဖြစ်ပွားမှုကာလ ကြာမြင့်လာသည်နှင့်အမျှ မွေးမြူရေးလုပ်ငန်းများအပေါ် ထိခိုက်မှုရှိလာ နိုင်ပြီး အငယ်စားနှင့် အလတ်စားမွေးမြူသူများအနေဖြင့် မွေးမြူ ရေးလုပ်ငန်းကို ပြန်လည် ထူထောင်ရန် ခက်ခဲလာနိုင်သည့် အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူ ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ခြင်းလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက် လျက်ရှိသည်။
“ကျွန်တော်တို့ဦးစီးဌာနအနေနဲ့ မွေးမြူရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်တွေ ထူထောင်နိုင်ဖို့ ရည်ရွယ်ပြီး မြို့နယ် ၁၀၉ မြို့နယ်မှာရှိတဲ့ မွေးမြူသူနဲ့ မွေးမြူရေး လုပ်ငန်း စတင် လုပ်ကိုင် လိုသူတွေကို မေထုန်မဲ့သားစပ် လုပ်ငန်း၊ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု၊ နွားမွေးမြူ ရေး၊ သိုးနဲ့ ဆိတ် မွေးမြူရေး၊ ဝက်မွေးမြူရေးနဲ့ ကြက်မွေးမြူ ရေးသင်တန်းတွေ ပို့ချပေး သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း ဟာ ကန့်သတ်ချက်တွေဖြေလျှော့ပြီးနောက် မွေးမြူ ထုတ်လုပ်မှုတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်လည်ဖော်ဆောင်ဖို့ အထောက်အကူပြုမှာဖြစ်ပြီး CERP ရဲ့ ကျေးလက်ဒေသအတွင်း cash for work အစီအစဉ်တွေ၊ ဝင်ငွေရရှိမယ့် အလုပ်အကိုင်တွေ ဖန်တီးပေးခြင်းအစီအစဉ် အဖြစ် နိုင်ငံတော်ရဲ့ ရန်ပုံငွေကျပ်သန်း ၁၄၄၀ နဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြသည်။
ပံ့ပိုးငွေနှင့် ချေးငွေ
ထို့ပြင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ရောင်းအားကျဆင်း၍ ဝင်ငွေမရှိသော (သို့မဟုတ်) ပုံမှန် ပြည်ပငွေလွှဲများမရရှိတော့သည့် အသေးစားတောင်သူ လယ်သမားများ အနေဖြင့် မိုးရာသီ စိုက်ပျိုးချိန်အမီ လိုအပ် သော စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူနိုင်ရန် ငွေကြေး (သို့မဟုတ်) ချေးငွေထောက်ပံ့ပေးခြင်းအစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ၁၇၀၀ တွင် အကောင်အထည်ဖော်ဆောင်မည့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းတွင်လည်း မွေးမြူသူများအတွက် ပံ့ပိုးငွေနှင့် ချေးငွေရရှိအောင် ပူးပေါင်းပါဝင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ အလွန်ကာလများတွင် ပြန်လည်ခေါင်းမော့ လာမည့် နယ်စပ်ဖြတ်ကျော် ကျွဲ၊ နွားကုန်သွယ်မှုအတွက် ရောဂါထိန်းချုပ်ဇုန်များထူထောင်နိုင်ရန် ရည်ရွယ်၍ ကုန်သွယ်မှုတွင် အချက်အချာကျသော မြို့နယ်များ၊ ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ မြို့နယ် ၅၀ တွင် ကျွဲ၊ နွား ခွာနာလျှာနာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကမ္ဘာ့ဘဏ် ချေးငွေစီမံကိန်းမှ အမေရိကန်ဒေါ်လာ နှစ်သန်း ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
သတင်း-မင်းမင်းဇော်၊ ဟန်နီဝင်း (သတင်းစဉ်)
၂၀၂၀- ဇွန် ၂၈နေ့ထုတ် ကြေးမုံသတင်းစာ