စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ AFD အဖွဲ့ တို့ ပူးပေါင်းဆောင်ရွက် သည့် မကွေး တိုင်းဒေသကြီး၊ မကွေးခရိုင်ရှိ မြင်ကွန်းလျှပ်စစ်ရေတင် (အကျိုးပြုဧက-၅၀၀) နှင့် မင်းဘူးခရိုင်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင် (အကျိုးပြုဧက-၅၉၀) တို့အား အဆင့်မြှင်တင်ဆောင်ရွက်ခြင်းလုပ်ငန်းအတွက် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) ၏ ယူရို (၃)သန်းဖြင့် လုပ်ငန်းစဉ် (၄)ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ (၂၈)ရက် နေ့နံနက် (၉)နာရီက နေပြည်တော် တုံဂပူရီဟိုတယ်တွင်ကျင်းပ ပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူပ် ဦးဗိုလ်ဗိုလ်ကျော် က မူလစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီထားသည့် လုပ်ငန်းစဉ်(၄)ရပ်ဖြစ်သည့် မြစ်ရေတင် စီမံကိန်းများ ၏ ရေပေးစနစ်နှင့် အခြေခံ အဆောက်အဦများ ပြုပြင်ခြင်း(လိုအပ်ပါက) လျှပ်စစ်မော်တာနှင့် ပန့်များ အသစ်လဲလှယ်တပ်ဆင်ခြင်းနှင့် အဆင့်မြှင့်ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်း၊ ရေအသုံးပြုသူများအဖွဲ့ ဖွဲ့စည်းခြင်းနှင့် မြစ်ရေတင် စီမံကိန်များ ရေရှည်တည်တံ့ခိုင်မြဲရေး၊ စီမံခန့်ခွဲခြင်းလုပ်ငန်း၊ တောင်သူများကို စိုက်ပျိုးရေးနည်းပညာပေးခြင်းလုပ်ငန်း၊ အကဲဖြတ် လေ့လာဆန်းစစ်ခြင်း နှင့် အထွေထွေ လုပ်ငန်းများ စီမံကိန်း အကောင် အထည်အဖော်နေမှုများကို ဆွေးနွေး ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် လုပ်ငန်းစဉ်(၄)ရပ်ပါ အကဲဖြတ်လေ့လာ ဆန်းစစ်ခြင်း နှင့် အထွေထွေလုပ်ငန်းများဆောင်ရွက်ရန် သဘောတူညီ ထားရှိမှုအရ ကျင်းပခြင်း ဖြစ်ပြီး အဓိကအားဖြင့် စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်မှုကာလ တလျှောက်လုံး တွင် တွေ့ကြုံရသည့် အားနည်းချက်/ အားသာချက်များနှင့် ပတ်သက်၍ အတွေ့အကြုံများအား ဖလှယ်သွားနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဆိုင်ရာ စာတမ်းများအပါအဝင် သုတေသနစာတမ်း (၁၄)စောင် တင်သွင်း ဖတ်ကြားခဲ့ပြီး၊ ဌာနများ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၇၈)ဦးတို့ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။