ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

          နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး ညှိနှိုင်းအစည်းအဝေး ကို ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂နာရီအချိန်တွင် နေပြည်တော် ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တကိရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

နွေရာသီကာလတွင်ကျေးရွာအချို့၌ ရေရှားပါးမှု၊ သောက်သုံးရေ မလုံလောက်မှု ပြဿနာများကို နှစ်စဉ်ကြုံတွေ့နေရလျက်ရှိရာ ယခုနှစ်နွေရာသီတွင် အလားတူ အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်စီမံခန့်ခွဲနိုင်ရန် ယခုအစည်းအဝေးကိုကျင်းပရခြင်းဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပြောသည်။

ယမန်နှစ်က ကျေးရွာပေါင်း (၂၀၆) ရွာတွင် နွေရာသီကာလ ရေရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့နိုင်မည်ဟု မျှော်မှန်းစီစဉ်ခဲ့ပြီး လက်တွေ့တွင် ကျေးရွာပေါင်း (၃၈၉)ရွာ၌ ရေဖြန့်ဝေခြင်းလုပ်ငန်းများကို အချိန်မီဆောင်ရွက်ပေးနိုင်ခဲ့ကာ ယင်းကျေးရွာများတွင် သောက်သုံးရေ ဖူလုံစေရေးအတွက် နိုင်ငံတော်သမ္မတအပါအဝင် အလှူရှင်များ၏ လှူဒါန်းငွေများ၊ နိုင်ငံတော်ရန်ပုံငွေများဖြင့် ကျေးရွာပေါင်း(၉၃)ရွာတွင် ရေပေးရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ကျေးရွာ(၂၇၃)ရွာကို ယခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကာ ကျန်(၅၉)ရွာကို လာမည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် လျာထားပြီးဖြစ်သည်။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သည် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကျေးရွာများ သောက်သုံးရေဖူလုံစေရေး၊ နွေရာသီ သောက်သုံးရေ မလုံလောက်မှုမှ ကျော်လွှားနိုင်ရေးအတွက် လုပ်ငန်းစဉ်များချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ ဒေသတာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ ၊ စေတနာရှင်အလှူရှင်များ နှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ စီမံကိန်းများတွင် ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း လတ်တလော ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်ချက်ရှိသည့် ကျေးရွာများတွင် ဝန်ကြီးဌာန၏ မျှဝေခြင်းအစီအစဉ်ဖြင့် ကူညီပေးခြင်းတို့ဖြင့် နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။  

အလားတူ ရေရှားပါးပြတ်လပ်မှု အခြေအနေများအား အချိန်နှင့်တပြေးညီ သိရှိရန်နှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ၊ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် နှင့် ရေပြတ်လပ်မှုဆိုင်ရာ သတင်းအချက်အလက်များပေးပို့နိုင်စေရန် www.water-donation.com ဝဘ်ဆိုဒ် ကို ဖွင့်လှစ်ထားရှိကြောင်း သတင်းရရှိသည်။