ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူစစ်ကိုင်းတိုင်းဒေသကြီးတောင်သူလယ်သမားများနှင့်တွေ့ဆုံ၊သီးနှံနှင့်သီးနှံပုံစံပြောင်းလဲရေးအကြံပြုဆွေးနွေး

         ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုအပေါ် တုန့်ပြန်နိုင်စွမ်းရှိသည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးအတွက် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရန်၊ နည်းပညာ ပြောင်းလဲ ကျင့်သုံးရန် လိုအပ်ချက်များအား လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံး တို့က စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဒီဇင်ဘာလ ၂၈ရက်နေ့နံနက်ပိုင်းက ရွှေဘိုမြို့  ဘုန်းဘွဲ့ကျေးရွာ အထက်တန်းကျောင်းခွဲဝန်း အတွင်း၌ ကျင်းပပြုလုပ်သည့် ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

         အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည်ဝန်ကြီး ဦးကမ်ဇာမုံ၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများတက်ရောက်ကြသည်။

        တွေ့ဆုံပွဲအခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာ၌ စစ်ကိုင်းတိုင်းဒေသကြီး မူးမြစ်ဝှမ်းဒေသ၏ အဓိက စိုက်ပျိုးရေအရင်းအမြစ်တစ်ခုဖြစ်သည့် သဖန်းဆိပ်ရေလှောင်တမံသည် အားလုံး သိရှိပြီး ဖြစ်သည့်အတိုင်း နှစ်ပေါင်း၂၀အတွင်း ယခုနှစ်မိုးရာသီတွင် ဝင်ရေ အနည်းဆုံး ဖြစ်ပေါ်ခဲ့သဖြင့် ဆောင်းသီးနှံနှင့်နွေသီးနှံ စိုက်ပျိုးရေပေးဝေရန် အခက်အခဲဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ယင်းအခက်အခဲကို အကောင်းဆုံး ကျော်လွှား နိုင်ရန် မိမိတို့အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး သာမက တစ်နိုင်ငံလုံး၏ ဆည်များတွင်လည်း ယခုနှစ်မိုးရာသီဝင်ရေ လျော့နည်း ခဲ့သဖြင့် ဆည်နှင့်ရေလှောင်တမံများ၌ လက်ကျန်ရေနည်းပါးမှုကြောင့် ဆောင်းသီးနှံ နှင့် နွေသီးနှံစိုက်ပျိုးထုတ်လုပ်ရေးတွင် ထိခိုက်မှုမဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများနှင့် သီးနှံနှင့် သီးနှံပုံစံပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အကြံပြုနှိုးဆော်ချက်များထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

လက်ရှိကြုံတွေ့ရမှု အခြေအနေမှ စိုက်ပျိုးရေချွေတာအသုံးပြုရေး အတွေ့အကြုံ  များ၊ တောင်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အထကောင်းများ စသည့် မျက်စိဖြင့်မမြင်ရသည့် စိတ်ပိုင်းဆိုင်ရာတိုးတက်မှု အကျိုးအမြတ်များ ရရှိနိုင်လိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း၊ တဘက်တွင်လည်း စပါးပြီး စပါး စိုက်ပျိုးခြင်းထက် အခြားသီးနှံပြောင်းလဲစိုက်ပျိုးခြင်းကြောင့် မြေဆီ တိုးတက် ပြောင်းလဲ လာနိုင်ကြောင်း၊ ဥပမာ မိုးစပါးအပြီး ပဲသီးနှံစိုက်ပျိုးခြင်းသည် မြေဆီထက်သန်မှုကို အကျိုးပြုနိုင်သဖြင့် သီးနှံပြောင်းလဲစိုက်ပျိုးရမှုကို မိမိအနေဖြင့် အကောင်းဘက်ကရှုမြင်မိပါကြောင်း၊ နွေသီးနှံအတွက် အခြေအနေပေးသည့် ဒေသများ တွင် မြေအောက်ရေသုံးစွဲနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း အပါအဝင်  မိမိတို့ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများ က  နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လယ်ယာကဏ္ဍတွင်ပါဝင်ပတ်သက်သူ အားလုံးတို့က စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း  ဆွေးနွေး ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသနေတောင်သူများက သိရှိလိုသည်များ မေးမြန်းကြပြီး  ကူညီပေးရန်လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေကြားဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီး နှင့် တာဝန်ရှိသူ များက အကျိုးဆောင်တောင်သူ ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်ကြရာ သက်ဆိုင်ရာတောင်သူများက လက်ခံရယူကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့ သည် စုဝေးဆောင်အနီး ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာ အရောင်းဆိုင်ခန်းများ၊ စိုက်ပျိုးရေးသွင်းအားစုအရောင်းပြခန်းများ၊ တိုင်းဒေသကြီး အတွင်း ဆောင်ရွက်ခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးမှတ်တမ်းပြကွက်များအား ကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး တို့က ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။