သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မဲခေါင်-လန်ချန်းနိုင်ငံများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုင်ရာ အတွေ့အကြုံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စီမံကိန်း၏စီမံကိန်းအစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့အကြား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဆိုင်ရာ အတွေ့အကြုံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ခြင်း စီမံကိန်း၏ စီမံကိန်းအစီအစဉ် ရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ M Gallery Hotel၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် က အဖွင့်အမှာစကားပြောကြားရာ၌ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျှော့ချရန်နှင့် အာဆီယံ အသိုက်အဝန်း တည်ထောင် မှုကို အထောက်အကူပေးရန်၊ ကုလသမဂ္ဂ ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ၂ဝ၃ဝ ရည်မှန်းချက်ကို တိုးမြှင့်အကောင် အထည် ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့် သွားရန် ရည်ရွယ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများတွင် တစ်ခုအပါ အဝင်ဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အတွေ့အကြုံဖလှယ်ရေးစီမံကိန်းအား မြန်မာ နိုင်ငံ မှ ဦးဆောင်၍ အဖွဲ့ဝင် နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် နိုင်ရန် ယခုကဲ့သို့ အစီအစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ အပြန်အလှန် လေ့လာရေးအစီအစဉ်များအရ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြား သည်။

ထို့နောက် National Coordination Unit of Mekong-Lancang Cooperation , Vice Chair, ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထူထောင်ပေးသည့် ဒုတိယအကြိမ် အထူးရန်ပုံငွေအရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စီမံ ကိန်း စုစုပေါင်း ၂၃ ခုကို အဆိုပြုခဲ့ရာ စီမံကိန်း ၁၂ ခု ရွေးချယ်ခံရသည့်အနက် ယခုအစီအစဉ်မှာ တစ်ခုအပါ အဝင်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး (Agriculture and Poverty Reduction) ကဏ္ဍ တွင် ပါဝင်ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက် ရေးဆိုင်ရာ နိုင်ငံအလိုက် အတွေ့အကြုံမျှဝေနိုင်မည့် အခြေအနေ များနှင့် အသိပညာဖလှယ်ရေး လေ့လာရေးခရီးစဉ်များ စီစဉ်နိုင်ရေး ဆွေးနွေးကြပြီး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဘတ် ဂျက်အစီအစဉ်များ ညှိနှိုင်းရေးဆွဲကြမည် ဖြစ်သည်။