သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးဦးစီးဌာန နှင့် မဲခေါင်- လန်ချန်း အထူးရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် စပါး မျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်းသင်တန်းဖွင့်

စိုက်ပျိုးရေးဦးစီးဌာန နှင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း သင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် လ ၂၈ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနား သုခစိုးခန်းမ ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ကြသည်။

သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကား ပြောကြားရာ၌ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် စပါးမျိုးစေ့ထုတ်လုပ် ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းများ၊ စပါး မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းရာတွင် လိုက်နာဆောင်ရွက်ရမည့် ကျင့်စဉ်၊ လုပ်ထုံးလုပ်နည်းများအား မျိုးစေ့ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ တောင်သူများနှင့် မျိုးစေ့လုပ်ငန်းတွင်ပါဝင်ပတ်သက်သူ အားလုံးတို့က ထဲထဲဝင်ဝင် သိရှိလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊

မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဖွဲ့ဝင် နိုင်ငံ များအကြား ယှဉ်ပြိုင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် စွမ်းဆောင်ရည် ပြည့်ဝစေ ခြင်း၊ Public, Private, Partnership (P.P.P) တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် ခြင်း၊ အတွေ့အကြုံနည်းပညာများဖလှယ်မျှဝေခြင်းတို့ဖြင့် ပထမအကြိမ် လက်ခံဆောင်ရွက်ရ သည့် စီမံကိန်း(၅)ခုအား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် နည်းတူ ယခုဒုတိယအကြိမ် လက်ခံရရှိသည့် စီမံကိန်း (၁၂)ခု၏လုပ်ငန်းစဉ်များ အောင်မြင် စေရေးကိုလည်း ဝိုင်းဝန်း ကြိုးပမ်းကြရမှာဖြစ်ကြောင်း ပြောကြားသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် မဲခေါင်နိုင်ငံ (၅) နိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး မဲခေါင်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုဖြစ်ပြီး  လယ်ယာကဏ္ဍအတွက် ဒုတိယအကြိမ် လက်ခံရရှိသည့် စီမံကိန်း (၁၂)ခုကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်း ခြင်းကို လုပ်ငန်းစဉ်တစ်ခုအဖြစ်ထည့်သွင်းဆောင်ရွက်ခြင်းဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ မျိုးစေ့ထုတ် လုပ်ငန်းများဖွံ့ဖြိုးလာစေရေးလုပ်ငန်းများအပြင် သီးနှံအရည်အသွေးမြင့်မား တိုးတက်ရေး၊ သုတေသန နှင့် ဓါတ်ခွဲခန်းသုံး စက်ကိရိယာပစ္စည်းများ အဆင့်မြှင့်တင်ခြင်း၊ နည်းပညာ ပေးသင်တန်း နှင့် စာအုပ်စာစောင်များဖြန့်ဝေခြင်းများကို အလေးထား ဆောင်ရွက်လျက် ရှိသည်။

စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း အပါအဝင် ကော်ဖီ၊ ရာဘာနှင့် အခြားသီးနှံများ၏ မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆောင်ရွက်ရာ၌ စိုက်ပျိုးရေးပညာရှင်များ၊ ကျွမ်းကျင်သူ များ၊ ပုဂ္ဂလိကများနှင့်တောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မျိုးစေ့ဝယ်ယူသုံးစွဲသူနှင့် ထုတ်လုပ်သူအကြား ယုံကြည်မှုကောင်း တည်ဆောက်နိုင်ရေး အတွက် မျိုးစေ့ဥပဒေနှင့်အညီ စိစစ်ပြီး အသိအမှတ်ပြုလက်မှတ် Seed Certificate ပေးလျက်ရှိရာ အရည်အသွေးစစ်ဆေးအာမခံ ဆောင်ရွက်သူများက အသိအမှတ်ပြု Certificate ပေးအပ်နိုင်ရေးကို အလေးထား ဆောင်ရွက်ရန် နှင့် မျိုးစေ့အပေါ် သစ္စာရှိစွာ ဆောင်ရွက်လိုသည့် စိတ်ဓါတ်ကောင်းရှိရန်လိုကြောင်း ညွှန်ကြားရေးမှူးချုပ် က ပြောသည်။

မျိုးစေ့ဌာနခွဲအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း၏ အဓိက အရေးကြီးသည့် မျိုးကောင်း များ လွယ်ကူစွာဝယ်ယူရရှိနိုင်သည့် အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရန် ၊ စျေးကွက် က တောင်းဆိုမှုရှိသည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ရာ တွင် ထုတ်လုပ်နိုင်မှု ဧရိယာအပေါ်မူတည်၍ မျိုးစေ့ထုတ်လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ၊ မျိုးစေ့အသစ် ထုတ်လုပ်ခြင်းကို အစိုးရက ဆောင်ရွက်မည်ဖြစ်ပြီး မျိုးပွား ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးနှင့်အတူ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများဖြင့် မျိုးစေ့ ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း မျိုးစေ့ဌာနခွဲ ညွှန်ကြား ရေးမှူး ဦးသီဟထွန်း က ပြောသည်။

ယနေ့ကျင်းပသော စိုက်ပျိုးရေးဦးစီးဌာန နှင့် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း သင်တန်း ကို သြဂုတ် လ ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့အထိ ၃ ရက် ကြာ  ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ နေပြည်တော်၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးများ နှင့် ကရင်ပြည်နယ်တို့မှ မျိုးစေ့ထုတ် လုပ်ငန်းရှင်များ၊ တောင်သူများ၊ မျိုးစေ့ဌာနခွဲ၊ ကော်ဖီရာသီသီးနှံဌာနခွဲ၊ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာခွဲ၊ သကြားထွက်သီးနှံဌာနခွဲ နှင့် စိုက်ပျိုးရေးသိပ္ပံများမှ သင်တန်း သား သင်တန်းသူ ၅၆ ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။