ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မျှတသည့် စျေးနှုန်းရရှိရေးအတွက် သီးနှံစျေးနှုန်းထိန်းညှိပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် အတူ မေလ ၂၈ ရက် နေ့လယ်ပိုင်းတွင် တောင်ငူမြို့နယ် ကြံတောကျေးရွာ၌ တောင်ငူမြို့နယ် သမဝါယမအသင်းစုမှ စပါးဝယ်ယူပေးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသနေတောင်သူများ နှင့် တွေ့ဆုံကာ သီးထပ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး တွဲဘက်လုပ်ကိုင် နိုင်ရေး ဆိုင်ရာကိစ္စရပ်များဆွေးနွေးပြောကြားသည်။

တွေ့ဆုံရာတွင် ဒေသနေတောင်သူများ၏ တင်ပြချက်များအပေါ်  ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ လက်ရှိဖြစ်ပေါ်လျက်ရှိသော စပါးစျေးနှုန်းများအရ တောင်သူလယ်သမားများတွေ့ကြုံနေကြရသော အခက်မခဲများဖြေရှင်းနိုင်ရေး အတွက် မိမိတို့ အစိုးရအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည့်နည်းတူ ဝန်ကြီးဌာနအနေဖြင့်လည်း ဗဟိုသမဝါယမအသင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအသင်းစုချုပ်များနှင့်ညှိနှိုင်း၍ ယာယီအစီ အစဉ်တစ်ရပ် အနေဖြင့် သမဝါယမ အသင်းများ၏ no profit ၊ no loss ဟူသောကျင့်စဉ်နှင့်အညီ သမဝါယမ အသင်းသူ အသင်းသားများအတွက် မျှော်မှန်းပြီး ကာယ ဉာဏအား စိုက်ထုတ်ကာ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ သမဝါယမအသင်းများက သင့်တင့်သည့် စျေးနှုန်း ဖြင့် ဝယ်ယူပေး ခြင်းဖြင့် တောင်သူများ ပင်းပန်းကြီးစွာ စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများ မျှတသည့် စျေးနှုန်းရရှိရေးအတွက် သီးနှံစျေးနှုန်းထိန်းညှိပေးနေသလို ဒုတိယတစ်သီးတွင် စျေးကွက်အလားအလာရှိသည့် သီးနှံများ ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ သက်ဆိုင်ရာ ဌာနများက နည်းပညာ နှင့် အကူအညီများ ကူညီပံ့ပိုးပေး နိုင်ရေး တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးကာလများတွင် ဖြစ်ပေါ်တတ်သည့် စစ်တောင်းမြစ်ရေ ရေကြီးရေလျှံမှုသက်သာစေရန် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယမန်နှစ်နွေစပါးရာသီတွင် စပါးစျေး တင်း ၁၀၀ လျင် ကျပ်ခြောက်သိန်းခန့် ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် လေးသိန်းခွဲခန့်သာရှိရာ တောင်သူများအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရှိရ၍ ပဲခူးတိုင်းဒေသကြီးသမဝါယမအသင်း က အသင်းသား တောင်သူများထံမှ အစို ၁၄% နှုန်း နှင့် ဖုန်သဲ ခဲ ကင်းစင်ပါက သတ်မှတ် ဂိုဒေါင်အရောက် ကျပ် ငါးသိန်းစျေး ပေးဝယ်ယူလျက်ရှိကြောင်း၊ ယနေ့အထိ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် တို့မှ စပါးတင်းပေါင်း ၇၅၆၆၃ တင်း ဝယ်ယူပြီးဖြစ်ကြောင်း သိရှိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ငူမြို့နယ် မိုးကောင်းကျေးရွာ တောင်သူ ဦးသန်မြင့် ၏ ဘက်စုံပေါင်းစည်းလယ်ယာ သို့ ရောက်ရှိကြပြီး ဒေသနေ တောင်သူများနှင့် တွေ့ဆုံကာ လယ်ယာအခြေခံဘက်စုံကုန်ထုတ် သမဝါယမလုပ်ငန်း ဆိုင်ရာကိစ္စရပ်များတိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးပြီး စပါးအခြောက်ခံစက်ဖြင့် စပါးအခြောက်ခံလုပ်ငန်း ဆောင်ရွက်နေမှု၊ အသင်းသားတောင်သူများထံမှ စပါးများ ဝယ်ယူသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှု အားပေးသည်။

ညနေပိုင်းတွင် တောင်ငူမြို့နယ် ဇီးဖြူပင်ကျေးရွာသို့ ရောက်ရှိကြပြီး စစ်တောင်း မြစ်ရေတိုက်စားမှုကြောင့် မြစ်ရေတင်စီမံကိန်းဆောင်ရွက်လျက်ရှိသည့် နေရာများတွင် ကမ်းစားကမ်းပြိုဖြစ်ပေါ်နေမှုအပေါ် တုတ်ရိုက်ကမ်းထိန်း လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်၍ ဆက်လက် ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။