ပြည်ထောင်စုအဆင့်သတင်း

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေး နှင့် တုန့်ပြန်မှုအစီအစဉ်များတွင် အထောက်အကူပြု နိုင်ရေးဆွေးနွေး။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည်  မေလ (၂၇) ရက်နေ့ နေ့လယ်ပိုင်း က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ တာဝန်ရှိသူများအား နေပြည်တော် ရုံးအမှတ် ၁၅ ရှိ  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် လယ်ယာ ကဏ္ဍအပေါ် ထိခိုက်မှုလျှော့ချရေး နှင့် တုန့်ပြန်မှုအစီအစဉ်များတွင် အထောက်အကူပြု နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေးခဲ့သည်။

ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ လျှော့ကျမသွားစေရေးအတွက် ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်မှုကို ယခင်ကထက် မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ချက်များ ကိုလည်းကောင်း၊ အခြောက်ခံ စက်နှင့် သိုလှောင်ရုံများ တည်ဆောက်ခြင်းလုပ်ငန်း အတွက်  ရင်းနှီးမြုပ်နှံမှု  တိုးချဲ့ ဆောင်ရွက်ရန်လိုအပ်ချက်များကိုလည်းကောင်း၊ လယ်ယာကဏ္ဍအတွက် လိုအပ်သည့် သွင်းအားစု နှင့် နည်းပညာ ပံ့ပိုးကူညီဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ၊ ဆည်ရေအသုံးပြုမှုနှင့် ပတ်သက်၍ ရေအသုံးချသူအသင်းနှင့် ရေအသုံးချသူ အဖွဲ့များဖြင့် ဆောင်ရွက်နေမှုများကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ ၂၀၂၀ မိုးစပါးရာသီတွင် ကန်ထရိုက် လယ်ယာစနစ် ဧက နှစ်သိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဧက တစ်သိန်း လေးသောင်း အတွက် သက်ဆိုင်ရာတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ စပါး၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများအတွက် အခြောက်ခံစက်နှင့် သိုလှောင်ရုံ  ၂၅ ခု အသစ် တိုးချဲ့တည်ဆောက်ပြီးဖြစ်ကြောင်း၊ နယ်စပ်ဆန်စပါးကုန်သွယ်မှုလုပ်ငန်းအတွက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်ဌာန General Administration of Customs China GACC  တွင် မှတ်ပုံတင် ၁၁ ခု ရရှိပြီး ၊ မှတ်ပုံတင်ရရှိရေးလုပ်ငန်း  ၄၃ခု ညှိနှိုင်းဆောင်ရွက် ထားဆဲဖြစ်ကာ မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ ရောင်းချ နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း G to G ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ အနေဖြင့် ယနေ့အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၉ မီလီယံမက်ထရစ်တန် တင်ပို့ ရောင်းချပြီးဖြစ်ကြောင်း သတင်းရရှိသည်။