ပြည်ထောင်စုအဆင့်သတင်း

စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၆)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ  

SRIကောက်စိုက်စက်(Minoru RX61)ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၆)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့   စိုက်ပျိုးရေး၊ မေွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ  နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ် ၊ သုတေသနပညာရှင်များ နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနစိုက်ကွင်း သို့ ရောက်ရှိကြပြီး SRIကောက်စိုက်စက်(Minoru RX61)ဖြင့် စပါးမျိုးသစ်များ စိုက်ပျိုးသရုပ်ပြသနေမှုကိုကြည့်ရှုအားပေးကြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က ရေမြေဒေသနှင့်ကိုက်ညီပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်သည့် အထွက်ကောင်း စပါးမျိုးသစ်များမွေးမြူထုတ်လုပ်နေမှုများကိုရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာတွင် ပြောင်းလဲ သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသော စပါးမျိုးသစ်များ မွေးမြူထုတ်လုပ်ရန်၊ မြေဆီဆိုင်ရာ စီမံခန့်ခွဲမှုကို သုတေသနပြုစုပြီး တောင်သူများ လိုက်နာကျင့်သုံးနိုင်သည့် လက်တွေ့အသုံးချနည်းပညာများ ဖြန့်ဝေပေးရန်လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင်ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၆)နှစ် ပြည့် အထိမ်းအမှတ်အခမ်းအနား သို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး ကဏ္ဍ အပါအဝင် လယ်ယာ ကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရာ၌  သုတေသန လုပ်ငန်းသည် အခြေခံအုတ်မြစ်တစ်ခုအဖြစ် ပါဝင် နေပါကြောင်း၊  လယ်ယာကဏ္ဍတွင် ကြုံတွေ့ရသည့် ပြဿနာများကို သုတေသန ပညာရှင်များ၏ သိပ္ပံနည်းကျစွာဖြင့် စနစ်တကျအသေးစိတ်စူးစမ်း လေ့လာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့၏ သုတေသနရလဒ်ကောင်း တစ်ခု သည် တောင်သူလယ်သမားများ ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို များစွာ အထောက် အကူပြုနိုင်သဖြင့် ထိရောက် အကျိုးဖြစ်ထွန်းစေမည့် သုတေသနလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သုတေသန ပညာရှင်များ အနေဖြင့် မိမိတို့ တစ်ဦးချင်း သော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း မိမိတို့၏စွမ်းဆောင်ရည် မြင့်မားလာစေရန် ဆန်းသစ်တီထွင်မှုနှင့် စုပေါင်း ဆောင်ရွက် ခြင်း ကို စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားကြရမည် ဖြစ်ကြောင်း၊

ဝန်ကြီး ဌာနအနေဖြင့် စိုက်ပျိုးရေးသုတေသလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်လျက် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေး လျက် ရှိပြီး သုတေသီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်ဖြင့် ပြည်တွင်း ပြည်ပ၌ ပညာသင်များ စေလွှတ်ပေးလျက်ရှိကြောင်း၊ သုတေသနစာတမ်းဖတ်ပွဲများ ပုံမှန်ကျင်းပခြင်း၊ သုတေသနဂျာနယ်များ ထုတ်ဝေခြင်း၊ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေး ပွဲများ ကျင်းပခြင်းတို့ကိုလည်း အစဉ်အလာ မပြတ် တိုးမြှင့်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများအား စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်း များနှင့် ပူးပေါင်းမှုတိုးမြှင့်ပြီး သုတေသနရလဒ်ကောင်းများ ဖော်ဆောင်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ၏ သမိုင်းကြောင်းနှင့် သုတေသနဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ သုတေသနထူးချွန်ဆုများကို ပြည်ထောင်စုဝန်ကြီး ၊ အမြဲတမ်း အတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ် တို့က ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက ဂုဏ်ပြုဆုများ ကို လက်ခံရယူခဲ့ကြသည်။

၁၉၅၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဗိမာန်(Agricultural Research Institute-ARI)အမည်ဖြင့် ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း၌ စတင် တည်ထောင်ခဲ့ပြီး စပါးသီးနှံ မျိုးနှင့် စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာဆိုင်ရာ သုတေသနများ စတင် ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးသုတေသနလုပ်ငန်းဆောင်ရွက်ခဲ့မှုမှာ ၆၆ နှစ်ရှိပြီဖြစ်ကာ ၁၉၇၁ ခုနှစ်တွင် ပျဉ်းမနားမြို့နယ် ရေဆင်းနယ်မြေသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတော်၏ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်လျက် စိုက်ပျိုးရေးသုတေသနကို စိုက်ပျိုးရေးသုတေသန ဦးစီးဌာန အဖြစ် ၂၀၀၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ တွင် အဆင့်မြှင့်တင်ဖွဲ့စည်းပေးခဲ့ရာ ယနေ့တွင် ၁၆ နှစ် တိုင်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအရ မိုးစပါး ၆၀ ရာခိုင်နှုန်းကျော်နှင့် နွေစပါး ၉၀ ရာခိုင်နှုန်းကျော် တို့တွင် စပါးမျိုးပေါင်း ၃၀ ကျော်သည် စိုက်ပျိုးရေး သုတေသနမှ မွေးမြူထုတ်လုပ်ထားသည့် မျိုးများ ဖြစ်သည်။ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန အနေဖြင့် စပါး၊ စပ်မျိုးစပါးအပြင် ပြောင်းဖူး၊ စပ်မျိုးပြောင်းဖူး (ရေဆင်း စပ်မျိုး)၊ ဂျုံ၊ နှံစားပြောင်း၊ ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ(ဆင်းပဒေသာ)၊ နှမ်း(ဆင်းရတနာ)၊ နေကြာ၊ စပ်မျိုးနေကြာ(ရေဆင်းစပ်မျိုးနေကြာ) နှင့် ပဲမျိုးစုံ သီးနှံများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ ကြံ (DAR မျိုးများ)၊ ဝါနှင့်ဂုန်လျှော်၊ ချဉ်ပေါင်လျှော်သီးနှံများ မျိုးမွေးမြူခြင်း သုတေသမှ စုစုပေါင်း သီးနှံမျိုးပေါင်း နှစ်ရာကျော် မွေးမြူထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။

စိုက်ပျိုးရေး၊မေွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် စိုက်ပျိုးရေး သုတေသနလုပ်ငန်းမှ ရရှိထားသည့် ရလဒ်ကောင်းများ၊ စိုက်ပျိုးရေးဆိုင်ရာ သတင်း အချက်အလက် များကို တောင်သူလယ်သမားများထံသို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိနိုင်စေရန် တောင်သူ လယ်သမားရုပ်သံလိုင်းထုတ်လုပ်ရေးကို စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် တည်ထောင်ပေးပြီး အမေးအဖြေကဏ္ဍ၊ ဇာတ်လမ်းတို၊ စကားဝိုင်း၊ ပညာပေးအစီအစဉ်၊ မှတ်တမ်းရုပ်ရှင် များဖြင့် ရိုက်ကူးထုတ်လွှင့်ပေး လျက်ရှိသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ တီထွင် ဖော်ထုတ်ထားသည့် တကောင်ကောက်နွားထယ်အသုံးပြုနည်း၊ မျိုးစေ့ချကိရိယာများ၊ ကြားပေါင်းလိုက် ကိရိယာများ စသည့် လယ်ယာသုံးကိရိယာများသည်လည်း တောင်သူ အကျိုးအတွက် များစွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။