ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ နော်ဝေနိုင်ငံ သံအမတ်ကြီး နှင့်တွေ့ဆုံ မြန်မာ့ရေသယံဇာတဖွံ့ဖြိုးရေးဆွေးနွေး။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီက  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ့ရေသယံဇာတဖွံ့ဖြိုးရေးအတွက် မြန်မာ-နော်ဝေ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ထားရှိမှုနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ ရေငန်ငါး မွေးမြူရေး လုပ်ငန်းကို စီးပွားဖြစ် မွေးမြူထုတ်လုပ်ရန် နှင့် ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်အပြင် ပြည်ပနိုင်ငံတကာစျေးကွက်သို့ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေး ကိစ္စရပ်များ၊ ရေချိုငါးမွေးမြူရေး လုပ်ငန်းအား ခေတ်မီငါးမွေးမြူထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ ရေငန်ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် နော်ဝေနိုင်ငံ Institute of Marie Research(IMR) တို့အကြား ငါးလုပ်ငန်းနှင့် ငါးမွေးမြူရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအရ ကနဦး စီမံကိန်း အဖြစ် ငါးမွေးလှောင်အိမ်ကြီးများဖြင့် ကကတစ်ငါးများ မွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသတွင် ရေငန် ငါးမွေးမြူရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရေငန်ငါးသုတေသနစခန်း အဆင့်မြှင့်တင်ရေး စီမံ ဆောင်ရွက်မှု ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်‌ရေး ဆိုင်ရာ သင်တန်းများ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။