ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကင်းတပ်ရေထိန်း တမံ နှင့် သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေဝင်ရောက်မှု ဆည်တမံများကြံ့ခိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည် ဝန်ကြီး ဦးကမ်ဇာမုံ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဒီဇင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းတွင် ကန့်ဘလူခရိုင် ရှိ ကင်းတပ်ရေထိန်း တမံ နှင့် သဖန်းဆိပ်ရေလှောင်တမံ တို့သို့ရောက်ရှိကြပြီး ဆည်ရေဝင်ရောက်မှု ဆည်တမံများကြံ့ခိုင်မှု ရေဝေရေလဲဒေသနှင့် ရေဝပ်ဧရိယာ အခြေအနေ များအား ကြည့်ရှုစစ်ဆေးသည်။

စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး  ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က သဖန်းဆိပ်ရေလှောင်တမံ သမိုင်းကြောင်း နှင့် နှစ်စဉ်ရေဝင်ရောက်မှု၊ ရေပေးဝေနိုင်မှု နှင့် ဒေသ၏ နှစ်စဉ် မိုးရေချိန်များ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်း က ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များနှင့်  သဖန်းဆိပ်ရေလှောင်တမံတည်ဆောက် စဉ် က စိုက်ပျိုးမြေများဆုံးရှုံးခဲ့ရသော်လည်း  အခြေအနေ အကြောင်းအမျိုးမျိုး ကြောင့် ခံစားခွင့်မရရှိသေးသည့် ဒေသခံများကျန်ရှိနေမှုအပေါ် သင့်တော်သည့် အကူအညီများ ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြဆွေးနွေးသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြား ရာ၌ ၁၉၉၆ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သော သဖန်းဆိပ်ရေလှောင်တမံ ဘက်စုံစီမံကိန်း ၏ ရေဝပ်ဧရိယာအတွင်း ကျရောက်နေသည့် ကျွန်းလှမြို့အပါအဝင် လယ်မြေ ယာမြေ စိုက်ပျိုးမြေများအစားထိုးဖော်ထုတ်ပေးခဲ့သော်လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ခံစားခွင့်မရရှိသေးသည့် ဒေသခံများကျန်ရှိနေသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ထိခိုက်နစ်နာနေရမှုများ အား အကောင်းဆုံး ကုစားဖြေရှင်းပေးနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ခံစားခွင့်မရရှိသေးသည့် ဒေသခံများ၏ နစ်နာဆုံးရှုံးနေရမှုများဖြစ်အား အမြန်ဖြေရှင်းကူညီပေးနိုင်ရေး ကြိုးပမ်းသွားမည်ကြောင်း၊ အလားတူ ပြောင်းလဲ သက်ရောက်လာလျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် သီးနှံပုံစံပြောင်းလဲရေး၊ မျိုးပြောင်းလဲရေး၊ နည်းပညာအသုံးပြုနိုင်ရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသနေ ပြည်သူများအတွက် ရေရှည်အကျိုး ဖြစ်ထွန်းစေနိုင်မည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စေရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီပေးရေး ၊ ဥပဒေနှင့်အညီ မြေယာအသုံးပြုခွင့်များ ဆောင်ရွက်ပေးနိုင်ရေး၊ မြေကြီးမြေပုံ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းများ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာ ဌာနများက စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်းဆွေးနွေးပြောကြားသည်။

သဖန်းဆိပ်ရေလှောင်တမံ ဘက်စုံစီမံကိန်း ကို ၁၉၉၆ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မူလတည်ဆောက်စဉ်က ဝင်ရေ ဧကပေ ၃၅သိန်းခန့်မှန်းတွက်ချက်ခဲ့သော်လည်း ၂၀၁၅ခုနှစ်တွင် ဝင်ရေဧကပေ ၇၆သိန်းကျော် အများဆုံးရှိခဲ့ပြီး ယခု ၂၀၁၉ခုနှစ်တွင် ဝင်ရေဧကပေ ၉သိန်းကျော်သာရှိသည့်အတွက် နှစ်ပေါင်း၂၀အတွင်း ဝင်ရေအနည်းဆုံးဖြစ်သည်။

သဖန်းဆိပ်ရေလှောင်တမံနှင့် ကင်းတပ်ရေထိန်းတမံ၊ ကာဘိုးရေလွှဲဆည်များ ၏ လက်ဝဲ လက်ယာမြောင်းမတော်များ လက်တံမြောင်းများ၊ ရေသောက်မြောင်းများ မှ တဆင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေအများဆုံးတည်ရှိသော မူးမြစ်ဝှမ်း ဒေသဖြစ်သည့် ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊အရာတော်၊ဘုတလင်နှင့်စစ်ကိုင်းမြို့နယ်များရှိ စိုက်ပျိုးမြေများအား အကျိုးပြု လျက်ရှိရာ ယခုနှစ်မိုးရာသီ မိုးရွာသွန်းမှုလျော့နည်းခဲ့ကာ ဆည်များအတွင်း ရေအဝင်ကျဆင်းခဲ့သဖြင့် စိုက်ပျိုးမြေများအား ရေပေးဝေမှုလျော့ချခဲ့ရခြင်း၊ အချို့ဒေသများ ရေပေးဝေမှု ယာယီရပ်ဆိုင်းထားရခြင်းများ ရှိခဲ့ရာ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်မှုမဖြစ်ပေါ်စေရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန နှင့် တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများက ပူးပေါင်းကြိုးပမ်းလျက် ရှိသည်။