ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါးရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အပူချိန်များ မြင့်တက်လာခြင်းတို့ကြောင့် သီးနှံများ အထွက်နှုန်းထိခိုက်ခြင်း၊ အချို့ရေနစ်မြုပ် ပျက်စီးခြင်း ကြုံတွေ့ရလေ့ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရာတွင် အရန်မျိုး စပါးများ စုဆောင်းထားခြင်း၊ အရန်ပျိုးများ ထောင်ခြင်း စသည့်အလေ့အကျင့်များ ရှိရန်လိုကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းရွှေက ပြောကြားသည်။
လယ်ဝေးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ် မိုးစပါး၊ မိုးနှမ်းနှင့် မိုးဟင်းသီးဟင်းရွက် ၁၆၁၆ ဧက ပျက်စီးခဲ့ရာ ယခင်နှစ်က မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ထောက်ပံ့ငွေပေးအပ်ရန် ကျန်ရှိနေသော မိုးစပါးပျက်စီးမှု ၂၁၄ ဧကအတွက် ထောက်ပံ့ငွေကျပ် ၂၁၄၀၀၀၀ ကို ကျေးရွာအုပ်စု သုံးအုပ်စုရှိ တောင်သူ ၇၉ ဦးအတွက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။ ထောက်ပံ့ငွေများ ကို ပေးအပ်ရာတွင် တာဝန်ရှိသူတို့က မိုးစပါးပျက်စီးသည့် တောင်သူတစ်ဦးချင်းစီအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။