ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

၂၀၁၇-၂၀၁၈ ခုနှစ် စာရင်းများအရ တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)တွင် သားငါးကဏ္ဍမှ(၈)% ခန့် ပါဝင်ခဲ့ပြီး အာဟာရ ပြည့်ဝသော အသားရိက္ခာဖူလုံစေရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော မွေးမြူထုတ်လုပ်မှုလုပ်ငန်းအဖြစ် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိစေရေး၊ သင့်တော်မှုရှိသည့် မြေလွတ်မြေရိုင်းဖော်ထုတ်ခြင်း အခြေခံသော ငါး/ပုစွန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး လာစေရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန က စီမံချက်များ ရေးဆွဲချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို  သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာအောင်သူ ၊ အမြဲတမ်းအတွင်း၀န်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပါမောက္ခချုပ် နှင့် ဒုတိယအမြဲတမ်းအတွင်း၀န်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာန မှူးများတက်ရောက်ဆွေးနွေးကြသည်။

        ဆွေးနွေးပွဲတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိက ကျ သည့် အခန်းကဏ္ဍမှ ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အာဟာရ ပြည့်ဝ သော အသား ထုတ်လုပ်မှု တွင် ပါဝင်သည့် ငါးကဏ္ဍတစ်ရပ်လုံး ရေရှည် တည်တံ့ ဖွံ့ဖြိုး တိုးတက် စေရေးနှင့် သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ရေး တို့အတွက် သက်ဆိုင်ရာလုပ်ငန်းရပ်များ အလိုက် ဥပဒေများပြဌာန်း၍ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းခြင်းတို့အား ဆောင်ရွက်လျက်ရှိသည့် နည်းတူ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဒေသတွင်းမှ ချမှတ်ထားသည့် ငါးလုပ်ငန်းဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များ၊ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

တာဝန်ရှိသူအဆင့်ဆင့်တို့အနေဖြင့် သက်ဆိုင်ရာ ဥပဒေ လုပ်ထုံး လုပ်နည်းများအပေါ် ကျွမ်းကျင်ပိုင်နိုင်စွာသိရှိပြီး တိတိကျကျလိုက်နာဆောင်ရွက်ကြရန် လိုအပ်သည့် နည်းတူ  ပြေပြစ်သည့် လူမှုဆက်ဆံရေးကျင့်ဝတ်ကိုလည်း ဂရုပြုကြရန် လိုအပ်ကြောင်း၊ အလားတူ ထောက်ထားညှာတာမှုနှင့် ပျော့ညံ့မှုကို ခွဲခြားသိမြင်တတ်ရန် ၊ ရဲရင့်စွာဆောင်ရွက်တတ်မှု နှင့် အနိုင်ကျင့်မှု၊ စဉ်းစားဆင်ခြင်မှုနှင့် လေးဖင့်နှောင့်နှေးစေမှု ၊ နှိမ့်ချရိုကျိုးမှုနှင့် ကြောက်ရွံ့ တွန့်ဆုတ်မှု ၊ မိမိလုပ်ငန်းတာဝန်အပေါ် ဂုဏ်ယူတတ်မှု နှင့် စိတ်ကြီးဝင်မောက်မာမှု တို့ကို ခွဲခြား သိမြင်ပြီး လုပ်ငန်းများ အောင်မြင်စေရေးအတွက် တက်ကြွပျော်ရွှင်စွာ အသိပညာ ချွန်းအုပ်ပြီး အားထုတ်ကြိုးပမ်း ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က EU/GIZ တို့ပူးပေါင်းဆောင်ရွက်သော MYSAP စီမံကိန်း အောက်တွင် National Aquaculture Development Plan-NADP ကိုရေးဆွဲဆောင်ရွက်နေမှုနှင့် သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်း ဒေသကြီးဦးစီးဌာနများအနေဖြင့် ဒေသနှင့်ကိုက် ညီစွာအကောင်အထည်ဖော်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန်အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍   တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများက ဒေသအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာ များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။

ငါးလုပ်ငန်းဦးစီးဌာန သည် ငါးမွေးမြူရေးလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငါးရိက္ခာဖူလုံစေရေးတို့အတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ငါး/ပုစွန် သားဖောက် စခန်းများမှငါးပုစွန်မျိုးကောင်း၊ မျိုးသန့်များအား သားဖောက် ထုတ်လုပ်ခြင်း ၊ တစ်ပိုင်တစ်နိုင် ငါးသားဖောက်ရုံများ မှ သားဖောက် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး နည်းပညာကူညီပံ့ပိုးပေးခြင်း၊ အခြေခံ ငါးဆေးထိုး သားဖောက်သင်တန်းများအား စာတွေ့ လက်တွေ့ သင်တန်းများဖွင့်လှစ် ပို့ချပေးခြင်း၊ ရေချိုငါးမျိုးစိတ်များကဲ့သို့ သားဖောက်ထုတ်လုပ်ရန် အလားအလာရှိသည့် ရေငန် ငါးမျိုးစိတ်များကိုလည်း စမ်းသပ်သားဖောက်ပြီး အသားတိုး မွေးမြူထုတ်လုပ်ခြင်း၊ အစား အစာဘေးအန္တရာယ်ကင်းစင်ရေးဆိုင်ရာ မွေးမြူရေးကျင့်စဉ် GAqP စနစ်နှင့်အညီ မွေးမြူ ထုတ်လုပ်နိုင်ရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။

ငါး/ပုစွန် ရောဂါများ စစ်ဆေးရေးအတွက် ငါးရောဂါဆိုင်ရာ ဓာတ်ခွဲခန်း အဆင့်မြှင့်တင် ခြင်းကို EU/GIZ အထောက်အပံ့ဖြင့် Myanmar Sustainable Aquaculture Project ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတွင် သဘာဝ မြစ်ချောင်း များမှ ငါးဖမ်းဆီးမှု ကျဆင်းနေမှု ပြန်လည် ဦးမော့လာစေရေးအတွက် ပဲခူးမြစ်ဝှမ်းဒေသတွင် ငါးတက် ဆင်းလမ်း ဖော်ဆောင် ခြင်းဖြင့် ဇီဝ၊ ရူပ သွင်ပြင် နှင့် လူထုအပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်း(Fish Passage ) စီမံကိန်းကို ဩစတေးလျ နိုင်ငံတကာ စိုက်ပျိုးရေး သုတေသနဗဟို(ACIAR)နှင့် ပူးပေါင်း၍ လည်းကောင်း၊ ရေရှည်တည်တံ့သော ရေငန်ငါး မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် Norway Development Group နှင့်ပူးပေါင်း၍ စီးပွားဖြစ် လှောင်အိမ်စနစ်ဖြင့် ခေတ်မီ ရေငန်ငါးမွေးမြူရေးလုပ်ငန်းကို တနင်္ဿာရီတိုင်းဒေသကြီး ပင်လယ်ကျွန်းများ တစ်ဝိုက်တွင် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သယံဇာတထိန်းသိမ်းရေးအတွက်လည်း ဇီဝမျိုးစုံမျိုးကွဲများ၏ ဂေဟစနစ်နှင့် ၎င်းဂေဟစနစ် တည်ရှိရာ နေရာများဖော်ထုတ်ခြင်း၊ ဒေသခံများ ကိုယ်တိုင် စီမံခန့်ခွဲသော အဏ္ဏဝါရေပြင်နှင့် ရေချိုငါးမဖမ်းရဇုံများ တည်ထောင် ပေးခြင်း၊ မျိုးသုဉ်းပျောက်ကွယ်လု နီးသော ငါးမျိုးစိတ်များ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့  EU အဖွဲ့ဝင်နိုင်ငံများ နှင့် နိုင်ငံတကာဈေးကွက်သို့ မွေးမြူရေး ရေထွက်ကုန်များ တင်ပို့နိုင်ရေး အတွက် အမျိုးသား ဓာတ်ကြွင်းစောင့်ကြည့် စစ်ဆေးမှု အစီအမံ (National Residue Monitoring Plan-NRMP)ကို၂၀၁၄-၂၀၁၅ခုနှစ်မှစ၍အကောင် အထည်ဖော်ခဲ့ရာ  ၂၀၁၉ခုနှစ်၊ မေလ(၁)ရက်နေ့မှ စ၍ မြန်မာ့ မွေးမြူရေး ရေထွက်ကုန်(၁၀)မျိုးကို EUနိုင်ငံများသို့ တင်ပို့ခွင့် ရရှိခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေထွက်ကုန်ပစ္စည်း သွင်းကုန်၊ ပို့ကုန် လုပ်ငန်းများ အတွက် နည်းစနစ်ပိုင်းဆိုင်ရာစည်းမျဉ်းများ “Technical Regulation for Export & Import of Fishery Products”( Directive 8/2018) ထုတ်ပြန်ခဲ့ပြီး၊ ငါးလုပ်ငန်းဦးစီးဌာနရှိ အဏုစိပ် သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်း ကိုလည်း ထိုင်းနိုင်ငံ BLQS (Bureau of Laboratory Quality Standard )DMSc ဌာနမှ ISO:IEC 17025:2005  Certificate အား 2018-2020 အထိ သက်တမ်း တိုး(၂)နှစ်ကို ဆက်လက် ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။