ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးအပေါ် ကူညီထောက်ပံ့မှုစီမံကိန်း၊ ရပ်ရွာလူထု သဘာဝဘေး စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်း အတွေ့အကြုံနှင့် သင်ခန်းစာမျှဝေခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ Principal Portifolio Management Specialist, Mr.Christopher A.Spohr တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ရပ်ရွာလူထုသဘာဝ ဘေးစီမံချက်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေ ထံ လွှဲပြောင်းပေးအပ် သည်။
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာအောင် က ချင်းပြည်နယ် အသက်မွေးဝမ်း ကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီထောက်ပံ့မှု စီမံကိန်းကို ရှင်းလင်းတင်ပြပြီး Network Activities Group(NAG) ၏ Program Manager ဦးဝေလင်းချို က သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရပ်ရွာသဘာဝဘေးစီမံချက်၏ Planning Specialist ဦးမင်းမင်းထိုက်က ကျေးရွာလူထုမှ သဘာဝဘေးစီမံခန့်ခွဲမှု ရေးဆွဲခြင်း ဆိုင်ရာ အတွေ့အကြုံ သင်ခန်းစာများကို ဆွေးနွေးပြီး တက်ရောက်လာကြ သူများက အနာဂတ်စီမံကိန်းလုပ်ငန်းများ အတွက် အုပ်စုဖွဲ့ဆွေးနွေး အကြုံပြုကြကာ အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီထောက်ပံ့မှု စီမံကိန်းကို ဂျပန်နိုင်ငံဆင်းရဲမှုလျော့ချရေး ရန်ပုံငွေဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လမှစတင်၍ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ဆောင်ရွက်လျက်ရှိပြီး ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ် တို့၌ အကောင်အထည်ဖော်လျက်ရှိသည်။
ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ်ကူညီထောက်ပံ့မှု စီမံကိန်းတွင် ချင်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများ ပြုပြင်တည်ဆောက်ခြင်း၊ ကျေးရွာများတွင် မီးလင်းရေးနှင့် ရေပေးဝေရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရေး၊ ပြန်လည်တုန့်ပြန်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။