ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဦးလှကျော် စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး နှင့် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

လယ်ယာကဏ္ဍဖွံ့ဖြိုးမှု တိုးတက်လာစေရန် နည်းပညာ ၊ ရင်းနှီးမြှုပ်နှံမှု၊ လူ့စွမ်းအားအရင်းအမြစ် စသည့် ကဏ္ဍ ၃ ခု ဟန်ချက်ညီညီ ကြိုးပမ်းကြမှသာ တောင်သူအကျိုးစီးပွားမှတဆင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်ရေးကို ထိရောက်စွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုင်နိုင် စိုက်ပျိုးရေးနည်းပညာစင်တာ ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး က စစ်ကိုင်းတိုင်းဒေသကြီး ၌ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း(Agriculture Income Improvement Project – AIIP) ဆောင်ရွက် နေမှုအခြေအနေများ ၊ တိုင်းဒေသကြီးအတွင်း မျိုးကောင်း မျိုးသန့်နှင့် မျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်မှုများ ၊ တောင်သူပညာပေး စံပြကွက်နှင့် စမ်းသပ်ကွက် စိုက်ဧက တိုးချဲ့ ဆောင်ရွက်ရေး၊ မျိုးစေ့သိုလှောင်ရုံ နှင့် မျိုးစေ့သန့်စင်စက်များ တိုးချဲ့ ဆောက်ရွက်ရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း က ဒေသတွင်း လယ်ယာဖွံ့ဖြိုးရေးဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးလှကျော် က အထက်မြန်မာပြည်၏ စပါးကျီဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်စပါးထုတ်လုပ်မှုကဏ္ဍကို အမျိုးသားရေးလက္ခဏာတစ်ရပ်အနေဖြင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး၊ ပြည်ပသို့ အရည်သွေးပြည့်မီစွာ တင်ပို့ နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  ခေတ်မီ စိုက်ပျိုးထုတ်လုပ်နည်းပညာများ ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြုပ်နှံမှုတိုးတက်လာရေးတို့အတွက် ဌာန၊ ပုဂ္ဂလိက နှင့် တောင်သူများ က လက်တွဲညီ ဆက်လက်ကြိုးပမ်းကြရန်လိုကြောင်း၊ ခေတ်မီ စိုက်ပျိုးထုတ်လုပ်နည်းပညာများ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးနှင့်အတူ သီးနှံများ အရည်အသွေးပြည့်ဝပြီး အစားအစာ ဘေးကင်းလုံခြုံမှုရှိစေမည်ဖြစ်ကြောင်း၊ ထို့အတူ စက်မှု လယ်ယာစနစ် ဖော်ဆောင်ခြင်း၊ မျိုးစေ့ကဏ္ဍတွင် တောင်သူများပူးပေါင်းပါဝင်စေရေး အတွက် မျိုးစေ့ထုတ် တောင်သူလယ်သမားအသင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ ရာသီပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရေရှားပါးမှု ပြဿနာဖြေရှင်းနိုင်ရေးအတွက် Water User Group ဖွဲ့စည်းဆောင်ရွက်၍ ရေကို အကျိုးရှိစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်း တို့ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု တိုးတက်လာစေရေးကို ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းသွားကြ ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသော တောင်သူများက လိုအပ်ချက်များ တင်ပြမှုအပေါ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရွှေဘိုခရိုင် တဂဏန်းကျေးရွာရှိ တောင်သူနည်းပညာပေးစင်တာ တွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း(AIIP) အကောင်ထည်ဖော် ဆောင်ရွက်ရာ၌ ပါဝင်ဆောင်ရွက်သူ ဝန်ထမ်းများ အနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်များကို ကောင်းစွာနားလည်သဘောပေါက်ရေး၊ မျိုးစေ့ထုတ်လုပ်သည်မှ စားသုံးအဆင့်အထိ အစ-အလယ်-အဆုံး အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခြင်းဖြင့် တောင်သူများအတွက် ထိရောက်သော ဝင်ငွေအကျိုးမြတ်များ ခံစားနိုင်ကြစေရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အမှန်တကယ် အထောက် အကူပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး တွင် ၂၀၁၈-၂၀၁၉ ခုနှစ်နွေစပါးရာသီတွင် ဧက ၃၆၉၄၉၀ စိုက်ပျိုးခဲ့ပြီး ၊ မိုးစပါးဧက ၁၈ သိန်းကျော်စိုက်ပျိုးမည်ဖြစ်ရာ နွေစပါး၊မိုးစပါး စုစုပေါင်းဧက ၂၁သိန်း ကျော် စိုက်ပျိုးထုတ်လုပ်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယခုနှစ်မိုးသီးနှံ သီးနှံစုံဧက ၅၄သိန်းကျော် စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနည်းပညာ အသိပညာများ တောင်သူ့လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်း၊ သီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကိုအရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း  တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦး က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၌ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (Agriculture Income Improvement Project – AIIP)ကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောက်ရွက်ရေးအေဂျင်စီ (JICA)နှင့် စိုက်ပျိုးရေး ဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၁၈-၂၀၁၉ မှ ၂၀၂၄-၂၀၂၅ ထိ စီမံကိန်းကာလ (၇)နှစ် ဖြစ်သည်။ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း နှင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့၊ မုံရွာခရိုင် ဘုတလင်နှင့် အရာတော်မြို့နယ် စသည်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ စီမံကိန်းအရ စိုက်ပျိုးပညာပေးရေးကဏ္ဍအား မြှင့်တင်ခြင်း၊ တိုးချဲ့ပညာပေးရေး စခန်း နှင့် မြို့နယ်ရုံးများ အဆင့်မြှင့်တင်ခြင်းနှင့် တည်ဆောက်ခြင်း ၊ စိုက်ပျိုးပညာပေးခြင်းနှင့် စျေးကွက်စွမ်းအား မြှင့်တင်ခြင်း လုပ်ငန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပ်စီမံကိန်း၏ အကျိုးကျေးဇူးအနေဖြင့် သဖန်းဆိပ်ဆည်ရေသောက်ဧရိယာ ဧက ၅သိန်း ခန့်တွင်  စိုက်ပျိုးရေလွယ်ကူစွာ ပေးဝေနိုင်၍  စိုက်ပျိုးစွမ်းအား တိုးမြင့်စေခြင်း၊ စီမံကိန်းဧရိယာအတွင်းရှိ ကျေးလက်နေ အိမ်ထောင်စု ၇ သောင်း ခန့်နှင့် လူဦးရေ ၃သိန်းခန့် အတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတက်လာစေခြင်း၊  နိုင်ငံတော်အတွက် စိုက်ပျိုးထုတ်လုပ်မှု ကုန်ထုတ်စွမ်းအားများ တိုးတက်လာစေခြင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။