ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေလှောင်တမံဝန်းကျင်ဒေသ၏ ဘေးကင်း လုံခြုံမှု တည်နေရာပြ မြေပုံ ပြုစုတင်ပြခြင်း

                   ရေလှောင်တမံဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ပြုစု တင်ပြ ခြင်း ကို မတ်လ ၂၆ ရက် နေ့လယ်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က HEC-RAS Model နှင့် GIS နည်းပညာများ အသုံးပြု၍ ဘေးကင်း လုံခြုံမှု တည်နေရာပြမြေပုံ ပြုစုမှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။                   တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ ပြောင်းလဲ လာလျက်ရှိနေသည့် ရာသီဥတု၏ သက်ရောက်မှုဒဏ်ကို ကမ္ဘာ့ဒေသအသီးသီး တွင် ခံစားကြရ လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး သာမက အစားအစာ ဘေးကင်း လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာ နိုင်သည့် ထိခိုက်မှုများ အနည်းဆုံးအဆင့်ဖြစ်စေရေး ကြိုတင်အစီအမံများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေ  သောက်သုံးရေ ရရှိရေး နှင့် ဒေသစိမ်းလန်းစိုပြည်ရေး တို့အတွက် တည်ဆောက်ထားရှိသော ဆည်တမံကြီးများ၏ ဘေးကင်းလုံခြုံရေးလုပ်ငန်းများကို ပြည်တွင်း ပြည်ပ ပညာရှင်များ၏ ပူးပေါင်းမှုတို့ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မမျှော်မှန်း နိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် တမံကြီးများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက ဒေသနေပြည်သူများ ဘေးကင်းလုံခြုံမှုရှိရာသို့ အမြန်ဆုံး ရှောင်တိမ်းနိုင်မည့် အနီးဆုံးခိုလုံရာ နေရာများ ရှာဖွေဖော်ထုတ်ပေးခြင်း၊ ရေလမ်းကြောင်း အခြေအနေ၊ ရေလွှမ်းနိုင်မည့် ဧရိယာများ ကို ဒေသနေပြည်သူများအား အသိပေးလမ်းညွှန်နိုင်မည့် ဘေးကင်း လုံခြုံမှု တည်နေရာပြမြေပုံ ဖော်ထုတ်ရေးဆွဲခြင်းကို ယခုဆောင်ရွက်မည့် တောင်နဝင်းဆည်ကဲ့သို့ နိုင်ငံတဝှမ်းရှိ အခြားဆည်များကိုလည်း ဦးစားပေးအလိုက် စနစ်တကျရေးဆွဲဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

                  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေလှောင်တမံ များ ဘေးကင်းလုံခြုံမှု(Dam Safety) လုပ်ငန်းစဉ်များကို ယခင်ကထက် ပို၍အလေးထား ဆောင်ရွက် လျက်ရှိရာတွင် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးစီမံချက် (Emergency Preparedness Plan) ကို ရေးဆွဲပြီး လိုက်နာအကောင်အထည်ဖော်လျက်ရှိသည်။ EPP ရေးဆွဲ ဆောင်ရွက်ရာတွင် အဓိကကျသည့် ဘေးကင်းလုံခြုံမှု တည်နေရာပြ မြေပုံပြုစုခြင်း ကို ကနဦးစီမံချက် (Pilot Project) အနေဖြင့် တောင်နဝင်းရေလှောင်တမံကို ရွေးချယ်၍ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ် သည့် World Bank, USACE နှင့် KRC တို့၏ နည်းပညာ အကူအညီများဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများက ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

ရေလှောင်တမံအောက်ဘက် ဒေသများတွင် နေထိုင်လျက်ရှိကြသည့်  ဒေသခံ ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များ ထိခိုက်မှုမရှိစေရန် တမံများကြံ့ခိုင်မှု နှင့် လုံခြုံရေး အစီအမံများ စနစ်တကျရေးဆွဲ ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း၊ မမျှော်လင့်သော သဘာဝ ဘေးများကြောင့် ရေလှောင်တမံ ကျိုးပေါက်မှု ဖြစ်ပေါ်လာပါက ဒေသနေပြည်သူများအတွက် ဘေးကင်းလုံခြုံသည့် ကုန်းမြင့်တည်နေရာများ သိရှိရှောင်တိမ်း နိုင်ကြစေရန် ဒေသ၏လက်ရှိ  မြေမျက်နှာအသွင်ပြင်အရ ရေလမ်းကြောင်း၊ ရေစီးနှုန်းကြာမြင့်ချိန်၊ ဖြစ်ပေါ်လာနိုင်သည့် ရေပြင် အတိမ် အနက် ၊ ရေလွတ်ကုန်းမြေ တို့ပါဝင်သည့်  ဘေးကင်း လုံခြုံမှု တည်နေရာပြမြေပုံ ကို ဒေသခံပြည်သူများအား ကြိုတင်ချပြပေးခြင်းဖြင့် ဘေးလွတ်ရာသို့ အန္တရာယ်ကင်းရှင်း စွာရောက် ရှိစေမည်ဖြစ်ပါသည်။

အဆိုပါလုပ်ငန်း၏ ကနဦးစီမံချက်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ရှိ တောင်နဝင်းရေလှောင်တမံ ဧရိယာတွင်  စတင်ဆောင်ရွက်ခြင်းဖြစ်ကာ  ၂၀၂၀ပြည့်နှစ် မိုးရာသီကာလမတိုင်မီ ဒေသနေပြည်သူများအား ချပြရှင်းလင်းခြင်းကို ဆောင်ရွက် မည်ဖြစ်ပြီး ကျန်ရှိသောရေလှောင်တမံများကိုလည်း ဦးစားပေးအလိုက် စီမံဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။